မိုးကုတ် ရေပူဆရာတော်အမှု စတင်ရုံးထုတ်စစ်ဆေး


2015.07.07
yaypu-monk-protest-620.jpg ရေပူဆရာတော် ဦးဣန္ဒက လွတ်မြောက်ရေးအတွက် ဇူလိုင်လ ၆ ရက်နေ့က မိုးကုတ်မြို့ခံတွေ ဆန္ဒပြတောင်းဆိုစဉ်
Photo: Hset Paing Toe/RFA

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင်တရားရုံးမှာ မိုးကုတ်မြို့ ရေပူဆရာတော် ဦးဣန္ဒကနဲ့ ဒကာ ၄ ဦးကို ဒီကနေ့ ပထမဆုံးအကြိမ်အဖြစ် ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။

ဒီကနေ့ တရားရုံးမှာ ရဲလုံခြုံရေးတွေ တင်းကြပ်ထားပြီး တရားရုံးကို တခါးပိတ်စစ်ဆေးခဲ့တယ်လို့ အဲဒီတရားရုံးကို သွားရောက်ခဲ့တဲ့ ဆရာတော်ရဲ့ တပည့်ဖြစ်သူ ဦးစိုးဌေးက ပြောပါတယ်။

"ဆရာတော်နဲ့ ဒကာ ဒကာမတွေ တွေ့ခွင့် အခွင့်အရေးကိုပိတ်တယ်၊ နောက်တစ်ခု တရားရုံးတံခါးကို ဒီလိုပိတ်ထားတာ ဥပဒေရှိသလား၊ တရားရုံးမှာ ဆရာတော်ကို ဘယ်လိုပြောလိုက်တယ် ဘယ်နေ့ရုံးချိန်းတယ်ဆိုတာကို သိခွင့်မရဘူး၊ အခုကျနော်တို့ ဒါကိုသိချင်တယ်မေးတော့ တံခါးမဖွင့်ပေးဘူး၊ ဒါက လူတစ်ယောက်ရဲ့ ဥပဒေအကာအကွယ်ကို စနစ်တကျချိုးဖောက်တာပဲလို့ သုံးသပ်လို့ရတယ်၊ မြန်မာနိုင်ငံရဲ့ တရားဥပဒေစီရင်ရေးမဏ္ဍိုင်နဲ့ ပတ်သက်လို့ ဒီဆရာတော်က အကြမ်းဖက်ပြီးတော့ ဖောက်ခွဲရေးပစ္စည်းလုပ်တဲ့ ဆရာတော်လည်းမဟုတ်ဘူး၊ ဒီအပေါ်မှာ ဥပဒေကြောင်းအရ ရင်ဆိုင်ဖို့အတွက် ကျနော်တို့လာတယ်၊ ရှေ့နေကိုခေါ်ထားတယ်၊ ရှေ့နေနဲ့ ဆရာတော်လည်း တွေ့ခွင့်မရဘူး"

ဆရာတော်အပါအဝင် ၅ ဦးကို မြန်မာ့ကျောက်မျက်ရတနာ ဥပဒေပုဒ်မ ၄၁ (က၊ ခ) နဲ့ မိုးကုတ်မြို့မ ရဲစခန်းမှူးက တရားလိုလုပ်ပြီး တရားစွဲထားတာကို ဒီကနေ့ စတင်ရုံးထုတ်စစ်ဆေးခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် ဆရာတော်အတွက် ရှေ့နေလိုက်ပေးဖို့ စီစဉ်ထားပေမယ့်လည်း ရှေ့နေတွေဟာ ဆရာတော် နဲ့ တွေ့ဆုံခွင့်မရခဲ့ဘူးလို့ ပြောပါတယ်။

ခရိုင်တရားရုံးက ဒီအမှုနဲ့ပတ်သက်ပြီး နောက်ထပ် ၅ ဦးကိုလည်း ဖမ်းဝရမ်းထုတ်ထားတယ်လို့ ခရိုင်တရားရုံး ပြန်ကြားရေးအရာရှိရဲ့ ပြောကြားချက်အရ သိရပါတယ်။

ဆရာတော်ဟာ သူ့ရဲ့ကျောင်းတိုက်ဝင်းထဲမှာ ကျောင်းဆောင်သစ်ဆောက်ဖို့နဲ့ ဓာတ်ပေါင်းစေတီတည်ဖို့ အတွက် မြေညှိတာကို တရားမဝင်ကျောက်တူးဖော်တယ်ဆိုပြီး မိုးကုတ်မြို့မရဲစခန်းက သာသနာတော် ညှိုးနွမ်းစေမှု၊ တရားမဝင် ကျောက်မျက်တူးဖော်မှု၊ တရားမဝင်သစ်တွေ သိမ်းဆည်းထားမှု စတဲ့ ပုဒ်မတွေနဲ့ ပြီးခဲ့တဲ့ ဇွန်လ ၉ ရက်နေ့က လူဝတ်လဲပြီး ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

မနေ့က မိုးကုတ်မြို့မှာ ဆရာတော်လွတ်မြောက်ရေးအတွက် မြို့ခံ ၅၀၀ လောက်က ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။