မစုစုနွေး ကို အလုပ်ကြမ်း နဲ့ ထောင်ဒဏ် ၁၅ ရက် စီရင်
2015.08.17

ပိုင်နက်ကျူးလွန်မှုနဲ့ တရားစွဲခံထားရတဲ့ မြန်မာနိုင်ငံတောင်သူလယ်သမားသမဂ္ဂအဖွဲ့ ဥက္ကဌ မစုစုနွေးကို ပဲခူးမြို့နယ်တရားရုံးက အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၅ ရက်ကျခံဖို့ ဒီနေ့ အမိန့်ချလိုက်ပါတယ်။
ချုပ်ရက်တွေကို ထည့်သွင်းခံစားဖို့ အမိန့်ချလိုက်တဲ့အတွက် ဒီနေ့ပဲ ပြန်လွတ်လာတယ်လို့ မစုစုနွေးက ပြောပါတယ်။
"ကျမကို အလုပ်နဲ့ထောင်ဒဏ် ၁၅ ရက်ချတာပါ၊ ကျမကို တရားသေလွှတ်ပေးလိုက်လို့ရှိရင် စစ်တပ်နဲ့ ကျမဖြစ်နေတာဖြစ်တဲ့အတွက် တရားရုံးက စစ်တပ်ကိုပဲ အနိုင်ပေးချင်တဲ့ပုံစံမျိုးရှိပါတယ်၊ ဒါကြောင့် ကျမကို မဖြစ်မနေ အလုပ်ကြမ်းနဲ့ ထောင်ဒဏ်ချလိုက်တာပါ၊ ချုပ်ရက်ကတော့ ၂၈ ရက်ပါ၊ အမိန့်ချတာ ၁၅ ရက်ဆိုတော့ ချုပ်ရက်ကတောင် များနေသေးတယ်လေ"
လွန်ခဲ့တဲ့ ၁၉၉၆ ခုနှစ်က ပဲခူးတိုင်းဒေသကြီး အင်းတကော်မြို့နယ်၊ သာယာကုန်းကျေးရွာအုပ်စု အလံကွဲ၊ ရွှေလေး၊ ဂုံညှင်းတန်း ၊ ကျောက်ကုန်း၊ ကဲျွဒညင်းကုန်းနဲ့ မြေနီကုန်းစတဲ့ ကျေးရွာတွေက လယ်ယာမြေဧက ခြောက်ထောင် နီးပါးကို အမှတ်(၁) ခဲယမ်းမီးကျောက်တပ်က သိမ်းဆည်းခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက် လယ်ယာမြေတွေကို စစ်တပ်ကအုတ်တံတိုင်းခတ်ခဲ့ပါတယ်။
အဲ့ဒီအုတ်တံတိုင်းပေါ်တက်ပြီး မှတ်တမ်းဓါတ်ပုံရိုက်ခဲ့တာကြောင့် မစုစုနွေးကို အမှတ်(၁) ခဲယမ်းမီးကျောက် တပ်က ဗိုလ်ကြီး ဟိန်းဇော်က တရားလိုလုပ်ပြီး ပိုင်နက်ကျူးလွန်မှုနဲ့ အင်းတကော်မြို့နယ် ရဲစခန်းမှာ အမှုဖွင့်ခဲ့တာဖြစ် ပါတယ်။
မစုစုနွေးကို ပြီးခဲ့တဲ့ ဇူလိုင်လ ၂၃ ရက်နေ့က ဖမ်းဆီးခဲ့ပြီး တရားရုံးချိန်း ၄ ချိန်းမြောက်မှာ အမိန့်ချလိုက်တာ ဖြစ် ပါတယ်။
မစုစုနွေးကို RFA မခင်ခင်အိက ဆက်သွယ်မေးမြန်းထားပါတယ်။