မစုစုနွေး ဖမ်းဆီးခံရ
2015.12.06

မြန်မာနိုင်ငံတောင်သူလယ်သမားသမဂ္ဂအဖွဲ့ ဥက္ကဌ မစုစုနွေးကို ပြင်ဦးလွင်မြို့နယ် ဧဒင် မိုတယ်မှာ ကျင်းပခဲ့တဲ့ လူ့အခွင့်အရေးဟောပြောပွဲအပြီး ပြင်ဦးလွင် ရဲစခန်းက လာရောက်ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ တစ်နှစ်ခွဲက ပြင်ဦးလွင်မြို့နယ်က တောင်သူလယ်သမားအရေးမှာ ဆန္ဒပြခဲ့တဲ့အတွက် အမှုဖွင့်ထားတဲ့အပေါ် ဒီကနေ့ ဖမ်းဆီးခံရတာဖြစ်တယ်လို့ မစုစုနွေးရဲ့ခင်ပွန်းဖြစ်သူ ကိုမာကီး က ပြောပါတယ်။
"ဖြစ်ခဲ့တဲ့အမှုက လွန်ခဲ့တဲ့တစ်နှစ်ခွဲလောက်က ပြင်ဦးလွင်မှာမစုစုနွေးဦးဆောင်ပြီးတော့ မြန်မာနိုင်ငံတောင်သူ လယ်သမားသမဂ္ဂကနေပြီးတော့ ဆန္ဒထုတ်ဖော်ပွဲလုပ်ခဲ့ကြတယ်၊ လုပ်ရတဲ့အကြောင်းရင်းက လယ်ယာမြေ မတရား သိမ်းတဲ့ပိုင်ရှင်ကနေပြီးတော့ သူရဲ့လယ်မြေထဲမှာ လူမိုက်တွေကို ငှားရမ်းထားပြီးတော့ အဲ့လူမိုက်တွေက လယ်သမားတွေကိုခေါ်ပြီးတော့ ရိုက်နှက်မှုတွေဖြစ်ခဲ့ကြတယ်၊ လယ်သမား ၄ ယောက် ဆေးရုံတင် ရတယ်ပေါ့နော်၊ အဲ့တရားခံတွေကို ညမှဖမ်းပြီး မနက်မှာပြန်လွှတ်ပေး လိုက်တယ်၊ အဲ့ကိစ္စကိုလယ်သမားတွေကမကျေနပ်ပဲ ဆန္ဒထုတ်ဖော်မယ်ဆိုပြီး မစုစုနွေးဦးဆောင် ပြီးဆန္ဒပြခဲ့ကြတာ၊ အဲ့ဒါကိုခွင့်ပြုချက်မဲ့ဆန္ဒပြတယ်ဆိုပြီးတော့ သူတို့ အမှုဖွင့်ခဲ့ကြတယ်"
မစုစုနွေးကို ပြင်ဦးလွင်မြို့မ ရဲစခန်းမှာ ခေါ်ယူစစ်ဆေးနေတာဖြစ်ပြီး ရဲစခန်းက အာမခံပေးမယ့် အခြေအနေ ရှိပေမယ့် မစုစုနွေးက အာမခံယူမှာ မဟုတ်ဘူးလို့ လည်း ကိုမာကီးက ပြောပါတယ်။
အဲဒီဆန္ဒပြမှုမှာ ပါဝင်ခဲ့တဲ့ ပြင်ဦးလွင်မြို့နယ်က မြန်မာနိုင်ငံတောင်သူလယ်သမားသမ္မဂ အဖွဲ့ဝင်တွေနဲ့ လယ်သမား ၈ ဦးလောက်ကိုလည်း တရားမဝင်စီတန်း လှည့်လည်ခြင်း ပုဒ်မ ၁၈ နဲ့ တရားစွဲခံထားရတယ်လို့ သိရပါတယ်။
မစုစုနွေးအပါအဝင် အဲဒီတောင်သူတွေကို ဒီဇင်ဘာ ၆ ရက်နေ့ ပြင်ဦးလွင် မြို့နယ် တရားရုံးမှာ အမှုစတင် စစ်ဆေးမယ် လု့ိ သိရပါတယ်။