သတင်းထောက်တွေကို ဆက်လွှတ်ပေးဖို့ စစ်ကောင်စီကို CPJ တိုက်တွန်း
မြန်မာစစ်ကောင်စီအနေနဲ့ နိုင်ငံရေးအကျဉ်းသား ငါးထောင်ကျော်ကို ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်နဲ့ လွှတ်ပေးမယ်လို့ ကြေညာထားတဲ့အတိုင်း ကျန်တဲ့သူတွေကို ချက်ချင်းလွှတ်ပေးဖို့ အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့အခြေစိုက် CPJ ခေါ် သတင်းထောက်များ ကာကွယ်ရေးကော် မတီက မနေ့က တောင်းဆို တိုက်တွန်းလိုက်ပါတယ်။
ပြီးခဲ့တဲ့ရက်တွေက ပြန်လွတ်လာတဲ့သူတွေထဲမှာ သတင်းသမား ၁၅ ယောက်ပါလာခဲ့ပေမယ့် အယောက် ၂၀ လောက် ကျန်နေသေးတယ်လို့ CPJ အဖွဲ့က ထောက်ပြပါတယ်။
စစ်တပ်က အာဏာသိမ်းလိုက်တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ ဇူလိုင်လ ၁ ရက်နေ့အထိ ခြောက်လအတွင်း အဖမ်းခံရတဲ့သတင်းသမား အနည်းဆုံး ၃၅ ယောက်ရှိတယ်လို့ CPJ အဖွဲ့က ပြောပါတယ်။
သတင်းထောက်တွေဟာ သတင်းကိစ္စတွေ လုပ်ကိုင်ဆောင်ရွက်လို့ အဖမ်းခံရတာ ဖြစ်သလို၊ သူတို့ထဲက အများစုကို ထောင်ဒဏ် သုံးနှစ်အထိချနိုင်တဲ့ ပုဒ်မ ၅၀၅ (က) နဲ့ တရားစွဲထားတယ်လို့လဲ CPJ အဖွဲ့က ပြောပါတယ်။