အဓိက ကားလမ်း မပြုပြင်ပေးလို့ ခရီးသွားတွေ ကုန်သည်တွေ အကြပ်တွေ့
2011.05.31
မုံရွာတဖက်ကမ်း ယာကြီးကနေ ကလေးဝမြို့ အထိ ဖေါက်လုပ်ထားတဲ့ ၁၁၅ မိုင် အရှည်ရှိ ကားလမ်းသစ်ဟာ ယခင် အသုံးပြုလေ့ရှိတဲ့ မဟာမြိုင်တောကို ဖြတ်ဖေါက်ထားတဲ့ ရေဦး-ကလေးဝ လမ်းဟောင်းနဲ့စာရင် မိုင်ခြောက်ဆယ် လျော့နဲပြီး၊ ရွာစဉ်ဆက် မပြတ်တဲ့ အတွက် လူသုံးများတဲ့ လမ်းဖြစ်ပါတယ်။
ဒီနှစ် သြင်္ကန် အပြီး ရက်ပိုင်းတွေမှာ မိုးများပြီး လမ်းပျက်စီးခဲ့လို့ ကားတွေ ဗွက်နစ်တဲ့ အခါမျိုးမှာ ခရီးသည်တွေ လမ်းမှာ နှစ်ည လေါက်ထိ အိပ်ပြီး စောင့်ကြရတယ်လို့ဒေသခံ တဦးက ပြောပြပါတယ်။
"မိုးတွင်းအခါကျတော့ လမ်းက မချောမွေ့တော့ဘူးဗျ။ ဒီကြားထဲ ကတ္တရာက မရှိတော့ ပိုဆိုးရော။ ကားတွေ ဗွက်နစ်လို့ တောက်ရှောက်ကြီး ပိတ်ဆို့သွားတာ။ အဲဒီတော့ မိုးချောက်တဲ့ အခါအထိ စောင့်ပြီးတော့မှ နောက်ဆုတ်လို့ရတဲ့ ကားက နောက်ဆုတ်၊ ရှေ့ဆက်သွားလို့ရတဲ့ ကားက ရှေ့ဆက်သွား၊ အဲလိုလုပ်ရတာ။ ကျွဲနဲ့ဆွဲတဲ့အခါ သူတို့ဗွက်တခုလွတ်ဖို့ ဆွဲရင် ၅ ထောင်လောက်ပေးရတယ်။ တကယ်လို့သာ မိုးများလာပြီဆိုရင် လုံးဝကို မသွားနိုင်တော့ဘူး။ ဆိုင်နဲ့နီးတဲ့ ကားတန်းတွေကတော့ ဆိုင်တန်းတွေမှာ အိပ်ကြရတယ်။ ရွာတွေက သိပ်မဝေးတော့ ရွာတွေမှာ အိပ်ကြရတယ်ဗျ။"
အခုလို လမ်းတွေ ပျက်စီးရတာဟာ ကားလမ်း ထိမ်းသိမ်းရေး ဆောင်ရွက်တဲ့ ကုမ္ပဏီတွေရဲ့ တာဝန်ပေါ့ ချို့ယွင်းမှုကြောင့် ဖြစ်ကြောင်း အဆိုပါ ဒေသခံ က ပြောပြပါတယ်။
"လမ်းကို မပြင်တာဗျ။ လူကြီးလာတဲ့အခါ ဟန်ပြဖြစ်အောင် လမ်းကို မြေဖို့လိုက် ကျောက်နဲ့ လမ်းကြိတ်စက်နဲ့ ကြိတ်လိုက် ဒီလောက်လေးလုပ်တာ။ ဗိုလ်ချုပ်ခင်ညွန့် လက်ထက်ကတော့ တော်တော်ကောင်းခဲ့တာ။ ဒီဖက်ပိုင်းမှာတော့ လုပ်သမျှ ကုမ္ပဏီတွေ ခိုးသွားကြတာ။ ကျောက်ကျင်းတွေ ထုတ်သုံးပြီး အိတ်ထဲ ထဲ့သွားကြတာ။
သူတို့တိုင်းမှူးတွေ လာတဲ့အခါ၊ နိုင်ငံတော် အကြီးအကဲတွေလာမဲ့အခါ ကြိုတင်ပြီးတော့ ပြုပြင်ထားတာ။ ဒါပေမဲ့ မြေသားဘဲ ဖို့ထားတာ၊ ခိုးတာတွေများသွားတာပေါ့ဗျာ။
ဥပဒေကလည်း မစိုးမိုး ဆိုတော့လေ။ တိုင်တော့လည်း တိုင်တန်းတဲ့သူတွေကဘဲ တရားခံ ဖြစ်ဖြစ်သွားတော့ မတိုင်ရဲကြဘူးလေ။ ဘေးကဘဲ ပွစိပွစိ ပြောကြတယ်။"
ကလေးဝ-ယာကြီးလမ်း ဟာ နယ်စပ် ကုန်သွယ်ရေးအတွက် ကုန်တင်ပို့ရာ မုံရွာ တမူး လမ်းကြောင်းမှာ အဓိက ကျတဲ့ လမ်းပိုင်း ဖြစ်တယ်လို့လည်း သိရပါတယ်။