ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဂတိအမှု စွဲချက်တင်ခံရ

2022.02.28
ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဂတိအမှု စွဲချက်တင်ခံရ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ကို ၂၀၁၆ ခုနှစ်က တွေ့ရစဉ်
Photo: RFA

နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကို ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်း သိန်းက ရွှေနဲ့ ဒေါ်လာတွေ ပေးတယ်ဆိုပြီး စစ်ကောင်စီကစွဲဆိုထားတဲ့ အဂတိအမှုအတွက် ဖေဖော်ဝါရီလ ၂၈ ရက် ဒီနေ့မှာ နေပြည်တော် အထူးတရားရုံးမှာ စွဲချက်တင် ခံလိုက်ရ တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက် ၂၀၁၇ ဒီဇင်ဘာလကနေ ၂၀၁၈ မတ်လအကြားမှာ အမေရိကန် ဒေါ်လာ ခြောက်သိန်းနဲ့ အကယ်ဒမီ ရွှေခုနစ်ပိဿာကို ဒေါ်အောင်ဆန်းစုကြည်က သုံးကြိမ်ခွဲပြီး လက်ခံရယူခဲ့တယ်ဆိုပြီး စစ်ကောင်စီက စွပ်စွဲ ခဲ့တာပါ။

တရားရုံးက စွဲချက်တင်ခဲ့ပေမယ့် ဒေါ်အောင်ဆန်းစုကြည်ကတော့ အမှုနဲ့ပတ်သက်လို့ သူ့မှာ အပြစ်မရှိကြောင်း ငြင်းဆိုခဲ့တယ်လို့ တရားရုံးနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

"စွဲချက်အမိန့်ချပါတယ်။ အန်တီကတော့ အပြစ်မရှိဘူးလို့ ငြင်းတယ်"

အမှုနဲ့ပတ်သက်လို့ တရားလိုဖြစ်တဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် စစ်ဆေး ရေးမှူး ဦးရဲထက်ကို အောက်တိုဘာ ၈ ရက်နေ့ စစ်မေးခဲ့စဉ်ကတော့ ဦးဖြိုးမင်းသိန်း ပေးခဲ့တယ်ဆိုတဲ့ ရွှေနဲ့ဒေါ်လာ သက်သေခံ ပစ္စည်းတွေ ဒေါ်အောင်ဆန်းစုကြည်ထံကနေ သိမ်းဆည်းရမိခဲ့တာ မရှိဘူးလို့ ထွက်ဆိုထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ကလည်း "ရွှေနဲ့ ဒေါ်လာတွေကို ဦးဖြိုးမင်းသိန်းက သူ့ကိုပေးစရာ ဘာအကြောင်းမှ မရှိဘူး။ ယူစရာအကြောင်းလည်း မရှိဘူး။ ဒါတွေ အားလုံးဟာ လက်တွေ့မမြင်ရတဲ့ စိတ်ကူးနဲ့ လုပ်ကြံဖန်တီးမှုတွေသာဖြစ်တယ်" လို့ ပြီးခဲ့တဲ့ အောက်တိုဘာလ ရုံးချိန်းတစ်ခုမှာ တုံ့ပြန်ပြောဆိုထားပါတယ်။

အမှုကိုစွဲချက်တင်လိုက်တာကြောင့် တရားလိုဖြစ်သူ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် စစ်ဆေးရေးမှူး ဦးရဲထက်၊ တရားလိုပြသက်သေတွေဖြစ်တဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနဲ့ သူ့ရဲ့ဇနီး ဒေါ်ခင်မိမိကြွယ် အပါအဝင် ဦးမောင်မောင်ကြည်တို့ကို ပြန်ခေါ်သက်သေအဖြစ် စစ်ဆေးဖို့ရှိတယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။

ရုံးချိန်းကိုတော့ နောက်တစ်ပတ် တနင်္လာနေ့ မတ်လ ၇ ရက်နေ့ကို ပြန်လည်ချိန်းဆိုထား ပါတယ်။

ဒီနေ့ ရုံးချိန်းလာရောက်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေး ကောင်းမွန်နေတယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်တပ်က အာဏာသိမ်းပြီးနောက် နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခံရနိုင်တဲ့ အစိုးရလျှို့ဝှက်ချက်များ ဥပဒေပုဒ်မ - ၃ (၁) (ဂ)၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပုဒ်မ - ၅၅ အပါအဝင် စုစုပေါင်းအမှု ၁၈ ခုနဲ့ တရားစွဲခံထားရတာပါ။ လောလောဆယ် အဲဒီထဲက အမှုငါးမှုအတွက် ထောင်ခြောက်နှစ် ချမှတ်ခံထားရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Kyaw min
2022-02-28 09:39

Very good 👍👍👍