ဦးအောင်ဆန်းဦး လေလံကြမ်းခင်းဈေး တင်ပြချက် ဒေါ်အောင်ဆန်းစုကြည် ရှေ့နေတွေ ကန့်ကွက်

RFA Burmese
2024.05.31
ဦးအောင်ဆန်းဦး လေလံကြမ်းခင်းဈေး တင်ပြချက် ဒေါ်အောင်ဆန်းစုကြည် ရှေ့နေတွေ ကန့်ကွက် ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်၊ တက္ကသိုလ်ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ခြံဝင်းရှေ့တွင် လေလံကိစ္စ ဆောင်ရွက်နေသည်ကို ၂၀၂၄ ခုနှစ်၊ မတ်လ ၂၀ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

ရန်ကုန်တိုင်း ဗဟန်းမြို့နယ် တက္ကသိုလ်ရိပ်သာလမ်းက ခြံအမှတ် (၅၄) နဲ့ သမိုင်းဝင်နေအိမ်ကို လေလံကြမ်းခင်းဈေး ကျပ်ငွေ ၂၈၅ ဘီလီယံနဲ့ ရောင်းချဖို့ ဦးအောင်ဆန်းဦးဘက်က ထပ်မံတင်ပြချက်ကို မေလ ၃၁ ရက် ဒီနေ့ရုံးချိန်းမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေက ကန့်ကွက်လိုက်လိုက်တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက RFA ကို ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်မရသေးတာ၊ ဒေါ်အောင်ဆန်းစုကြည် မသိရှိသေးဘဲ လေလံဆွဲခွင့်ပေးတာ စတဲ့ ဥပဒေနဲ့မညီညွတ်တဲ့ အချက်အလက်တွေတင်ပြပြီး ကန့်ကွက်လွှာတင်ခဲ့တာလို့ ဆိုပါတယ်။ ဒါ့အပြင် ဦးအောင်ဆန်းဦးရဲ့ တင်ပြချက်ဖြစ်တဲ့ လေလံဆွဲဝယ်ယူမယ့်သူတွေကို အိမ်နဲ့ ခြံအတွင်းပိုင်းကို လိုက်လံပြသခွင့်ပြုဖို့ဆိုတဲ့ တောင်းဆိုချက်ကိုလည်း ကန့်ကွက်ခဲ့တယ်လို့ တရားရုံံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။

ဒီကန့်ကွက်မှုနဲ့ပတ်သက်လို့ လာမဲ့ ဇွန်လ ၁၂ ရက်နေ့ရုံးချိန်းမှာ နှစ်ဖက်စလုံးက လျှောက်လဲချက်ပေးဖို့ရှိတယ်လို့ ဆိုပါတယ်။

မတ် ၂၀ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ပထမအကြိမ် လေလံပွဲမှာ အဲဒီအိမ်နဲ့ ခြံကို လေလံဆွဲဝယ်ယူသူ တစ်ဦးတစ်ယောက်မှ မရှိတာကြောင့် လေလံပွဲမအောင်မြင်ဘဲ ပြီးဆုံးခဲ့တာပါ။ ဒါကြောင့် ဦးအောင်ဆန်းဦးဘက်က လေလံကြမ်းခင်းဈေးကို ကျပ်ငွေ ၃၁၅ ဘီလီယံကနေ ကျပ်ငွေ ၂၈၅ ဘီလီယံအဖြစ် သတ်မှတ်ပေးဖို့ ဈေးလျှော့ပြီးတင်ပြထားတာပါ။

ဒီအမှုဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အစ်ကိုဖြစ်သူ ဦးအောင်ဆန်းဦးက ခြံအမှတ် (၅၄) ပရဝုဏ်အတွင်းက ရှိသမျှကို လေလံတင်ရောင်းချပြီး ရလာတဲ့ငွေကို မောင်နှမ နှစ်ယောက် ခွဲဝေမယ်ဆိုပြီး ၂၀၀၀ ပြည့်နှစ်မှာ အမှုစတင်ခဲ့တာ ဖြစ်ပါတယ်။

၂၀၁၆ ခုနှစ်မှာတော့ ရန်ကုန် အနောက်ပိုင်းခရိုင် တရားရုံးက ဒေါ်အောင်ဆန်းစုကြည်ကို သူမ နေထိုင်ရာ အိမ်နဲ့ ခြံတစ်ဝက်ယူစေပြီး ကျန်အိမ်တစ်လုံးနဲ့ ခြံတစ်ဝက်ကို ဦးအောင်ဆန်းဦးကရယူဖို့ အမိန့်ချမှတ်ခဲ့ပါတယ်။

ဒီအမိန့်ကို မကျေနပ်လို့ NLD အစိုးရလက်ထက်မှာ ဦးအောင်ဆန်းဦးက ပြည်တော်စု တရားလွှတ်တော်ချုပ်ထိ အဆင့်ဆင့်အယူခံတက်ခဲ့ပေမဲ့ ပယ်ချခံခဲ့ရပါတယ်။

၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် ဒေါ်အောင်ဆန်းစုကြည် ဖမ်းဆီးထောင်ချခံထားရချိန် ဦးအောင်ဆန်းဦးဘက်က အထူးအယူခံ ဆက်တက်ခဲ့စဥ်မှာတော့ ပြည်ထောင်စု တရားလွှတ်တော်ချုပ်က ဦးအောင်ဆန်းဦးကို အနိုင်ပေးခဲ့ပါတယ်။ အဲဒီနောက် ရန်ကုန်တိုင်း ကမာရွတ်ခရိုင် တရားရုံးက လေလံတင် ရောင်းချဖို့ ဆုံးဖြတ်ခဲ့တာပါ။

ဒီအိမ်နဲ့ ခြံကို အမျိုးသားညီညွတ်ရေးအစိုးရ NUG က အမျိုးသားအဆင့် ယဥ်ကျေးမှုအမွေအနှစ်အဖြစ် သတ်မှတ်ထားတာကြောင့် ပုဂ္ဂလိကပိုင်အဖြစ် ရောင်းချတာတွေလုပ်ရင် အရေးယူမယ်လို့ NUG က ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။