မြန်မာပြည်မှ ပေးစာ ကဏ္ဍကြောင့် ဂျပန်ပြည်သူတွေနဲ့ မိတ်ဆက်ခွင့်ရ
2013.04.16

ဂျပန်နိုင်ငံမှာ ထုတ်ဝေခဲ့တဲ့ မြန်မာပြည်မှ ပေးစာကဏ္ဍကြောင့် ကိုယ်ပိုင်အတွေးအခေါ်တွေနဲ့အတူ မြန်မာပြည်သူတွေ ရဲ့ အတွေးအခေါ်တွေကို ဂျပန်ပြည်သူတွေနဲ့ မိတ်ဆက်ခွင့်ရခဲ့တာဖြစ်ပြီး ဂျပန်ပြည်သူတွေ ရဲ့ နွေးထွေးပျူငှာမှုတွေကို လက်ခံရခဲ့တဲ့အတွက် မိုင်နိအိချိသတင်းစာကြီးကို ကျေးဇူးတင် ပါကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြား လိုက်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့မှာပဲ တိုကျိုမြို့ပေါ်က အိုင်နိအိချိ Mainichi သတင်းစာတိုက် ရုံးချုပ်ကို သွားရောက်လည်ပတ်စဉ် အခုလိုပြောကြား လိုက်တာဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို သတင်းစာကုမ္ပဏီရဲ့ ဥက္ကဌ မစ္စတာ ယူတာကား အစာဟီးန (Mr. Yutaka Asahina) က ကြိုဆိုခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီသတင်းစာမှာ ၁၉၉၅ ခုနှစ်ကတည်းက မြန်မာပြည်ကပေးတဲ့စာ အစီအစဉ်ကို ပင်တိုင်ရေးသားခဲ့ပြီး ဒီပေးစာတွေကို နောက်ပိုင်းမှာ စာအုပ်အဖြစ် ထုတ်ဝေခဲ့ပါတယ်။ ၁၉၉၈ မှာ နေအိမ်အကျယ်ချုပ်နေခဲ့ရပြီး ဆောင်းပါးရေးသားတာ ရပ်ဆိုင်းခဲ့ပါတယ်။ ၂၀၁၁ ခုနှစ် ၁၃ နှစ်အကြာမှာ ဒီကဏ္ဍမှာ ပြန်လည်ရေးသားခဲ့ပါတယ်။