UNFC ရဲ့ တွေ့ဆုံရေးကမ်းလှမ်းချက် အစိုးရနဲ့ တပ်မတော် အကြောင်းမပြန်


2017.12.21
dassk-unfc-622.jpg ဒေါ်အောင်ဆန်းစုကြည် နဲ့ UNFC ရဲ့ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ DPN တို့ ၂ဝ၁၇ ခုနှစ် မတ်လ ၁ ရက်နေ့က နေပြည်တော် NRPC ရုံးမှာ တွေ့ဆုံကြစဉ်
Photo: - Myanmar State Counsellor Office FB

အပစ်ခတ်ရပ်စဲရေး လက်မှတ်ရေးထိုးရေးအတွက် ကျန်ရှိနေတဲ့ အချက်တွေကို ဆုံးဖြတ်ချက်ချနိုင်ဖို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နဲ့ တွေ့ဆုံဖို့အတွက် UNFC ဘက်က ကမ်းလှမ်းချက်ကို ဒီကနေ့ နေ့လည်အထိ အစိုးရနဲ့ တပ်မတော်ဘက်က အကြောင်းပြန်ကြားမှု မရှိသေးပါဘူး။

အစိုးရနဲ့ တပ်မတော်နှစ်ဖက်စလုံးက အကြောင်းပြန်ကြားတာ မရှိသေးဘူးလို့ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ရဲ့ ဗဟိုအလုပ်မှုဆောင် ကော်မတီဝင် ဦးထွန်းဇော်က ပြောပါတယ်။

"အခုအချိန်အထိတော့ မရောက်သေးပါဘူးဗျ။ လောလောဆယ်တော့ ဘာမှမပြောနိုင်သေးပါဘူးဗျ၊ ဒီကိစ္စနဲ့ ပတ်သက်လို့နော်"

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၀ ရက်နေ့က ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC က အစိုးရနဲ့ တပ်မတော်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးဖို့အတွက် ငြိမ်းချမ်းရေး ကော်မရှင်ကနေတဆင့် စာပေးပို့တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။

အဲ့ဒီအကြောင်းကြားစာမှာ တွေ့ဆုံပွဲအတွက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် တို့ဘက်က အမြန်ဆုံးအကြောင်းပြန်ပေးဖို့နဲ့ အကြောင်းပြန်စာကို UNFC ဘက်က ၁၀ ရက်အတွင်း စောင့်ဆိုင်းသွား မယ့်အကြောင်း ထည့်သွင်းရေးသားထားတယ်လို့  UNFC ရဲ့ ဗဟိုအလုပ်အမှု ဆောင်ကော်မတီဝင် နိုင်အောင်မငေး က ပြောထားပါတယ်။

အပစ်ခတ်ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်ဖို့ UNFC က တင်ပြတဲ့ အချက် ၈ ချက်ကို ငြိမ်းချမ်းရေး ကော်မရှင်နဲ့ UNFC က နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ DPN တို့ ဆွေးနွေးကြရာမှာ အပြီးသတ်ဖို့အတွက် အဓိပ္ပာယ်သတ်မှတ်ချက်၊ ခံယူချက်နဲ့ စကားလုံးတချို့ကြား နှစ်ဖက်ကွဲလွဲမှုတွေရှိနေတာကြောင့် တိုက်ရိုက်ဆုံးဖြတ် ချက်ချနိုင်မယ့် ခေါင်းဆောင်တွေ တွေ့ဆုံပြီး အလျော့အတင်းလုပ်ဖို့ UNFC ဘက်က တောင်းဆိုနေတာ ဖြစ်ပါတယ်။

ညီညွတ်သောတိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC မှာ အစိုးရနဲ့ အပစ်ရပ်စာချုပ်မှာ လက်မှတ်မထိုး ရသေးတဲ့ မွန်ပြည်သစ်ပါတီ၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ၊ ရခိုင်အမျိုးသား ကောင်စီနဲ့ လားဟူ ဒီမိုကရက် တစ် အစည်းအရုံးတို့ ပါဝင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။