ထားဝယ်မှာ သတ္တုတွင်း စွန့်ပစ်သိုလှောင်ကန် ကျိုးကျ တစ်ဦးသေ၊ အိမ် ၈၀ ခန့် ပျက်စီး


2015.09.24
kanpauk-620.jpg တနင်္သာရီတိုင်းဒေသကြီး ရေဖြူမြို့နယ် ကံပေါက်ကျေးရွာမှာ သတ္တုတူးဖော်နေတဲ့ Delco ကုမ္ပဏီရဲ့ စွန့်ပစ်နုန်းရေကို စက်တက်ဘာလ ၂၅ ရက်နေ့က တွေ့ရစဉ်
Photo: Kyaw Lwin Oo/RFA

တနင်္သာရီတိုင်းဒေသကြီး ရေဖြူမြို့နယ် ကံပေါက်ကျေးရွာမှာ သတ္တုတူးဖော်နေတဲ့ Delco ကုမ္ပဏီရဲ့ စွန့်ပစ်နုန်းမြေတွေ သိုလှောင်ထားတဲ့ကန်ဟာ မနေ့ညက ကျိုးကျခဲ့တာကြောင့် ကံပေါက်ကျေးရွာက အိမ်ခြေ ၈၀ လောက် ပျက်စီးခဲ့ပြီး ကလေးတစ်ဦး သေဆုံးတယ်လို့ သိရပါတယ်။

အဲဒီကန်ကနေကျလာတဲ့ နုန်းတွေဟာ ၁၀ ပေလောက်အထိကို ဖုံးလွှမ်းသွားတဲ့အတွက် နေအိမ် ၁၈ လုံးကတော့ လုံးဝပျက်စီးသွားတယ်လို့ အဲဒီကျေးရွာမှာ ကူညီပေးဖို့ ရောက်ရှိနေတဲ့ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ဦးခိုင်စိုးက ပြောပါတယ်။

"ရွှံ့စေးမြေတွေက ကျလာတာ ည ၇ နာရီကနေပြီးတော့ ၈ နာရီ မိနစ် ၃ဝ လောက် အတောအတွင်းမှာ ရွှံ့စေးမြေ ၁ဝ ပေနီးပါးလောက် တက်လာတယ်၊ အိမ်တွေကမြုပ်တယ်၊ တိရိစ္ဆာန်တွေလည်း ဆုံးသွားတယ်၊ ကျွဲ၊ နွား၊ ဝက်တို့ ကြက်တို့က တော်တော်များများပါတယ်ခင်ဗျ၊ ပျက်စီးဆုံးရှုံးတာ တော်တော်များတယ်၊ လွတ်အောင်ထွက်ပြေးတာ ကလေးအမေတွေ ကိုယ်ဝန်သည်တွေပါတယ်ခင်ဗျ၊ ကျနော်တို့ ညစာရင်းကောက် တာတော့ ၁၈ အိမ်လောက်ရှိတယ်"

နေအိမ်ပျက်စီးသွားတာကြောင့် နေထိုင်လို့မရတော့တဲ့ အိမ်ထောင်စု ၃၀ ကျော်ဟာ ရွာထဲက ဗောဓိမာန်အောင် ဘုန်းတော်ကြီးကျောင်းမှာ ခိုလှုံနေရပြီး လူမှုအဖွဲ့အစည်းတွေက ကူညီပေးနေတယ်လို့ သိရပါတယ်။

Delco ကုမ္ပဏီဟာ လွန်ခဲ့တဲ့ ၁၉၉၈ ခုနှစ်ကတည်းက ခဲမဖြူ၊ အဖြိုက်နက်နဲ့ တခြားသတ္တုတွေ တူးဖော်နေတာဖြစ်ပြီး လက်ရှိ ရေဖြူမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းဦး ပိုင်ဆိုင်တဲ့ ကုမ္ပဏီဖြစ်တယ်လို့ ဒေသခံတွေ က ပြောပါတယ်။

အဲဒီလိုကန်ပြိုကျမှုကြောင့် စက်ရုံမန်နေဂျာ ၂ဦးကို ရေဖြူမြို့နယ် ရဲစခန်းမှာ ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ သိရပါတယ်။

ထားဝယ်မြို့နယ် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ဦးခိုင်စိုးကို RFA သတင်းထောက် မဇာဏီထွဏ်း က ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။