သတ္တုတွင်းပြိုကျ၊ နှစ်ဦးသေဆုံး


2018.11.06
delco-landslide-622.JPG တနင်္သာရီတိုင်းဒေသကြီး ရေဖြူမြို့နယ် ကံပေါက်ရွာက Delco သတ္တုတွင်းမှာ မြေပြိုကျမှုကြောင့် သေဆုံးခဲ့တဲ့သူတွေကို ရှာဖွေနေစဉ်
ဓါတ်ပုံ - ဒေသခံတဦး
တနင်္သာရီတိုင်းဒေသကြီး ရေဖြူမြို့နယ် ကံပေါက်ကျေးရွာက ဒယ်ကို သတ္တုတွင်းမှာ မနေ့ ညနေက မြေပြို တာကြောင့် ပိဿာစား ဒေသခံအလုပ်သမား ၂ ယောက်သေဆုံးတယ်လို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှိုင်မောင်မောင် က ပြောပါတယ်။

သေဆုံးသူတွေဟာ ကံပေါက်ကျေးရွာ မြသီတာရပ်ကွက်က အသက် ၂၀ နဲ့ ၂၅ နှစ်အရွယ် အမျိုးသားတွေဖြစ်ပြီး ကုမ္ပဏီက အန္တရာယ်ရှိလို့ တားမြစ်ထားတဲ့နေရာမှာ ခဲတူးရင်း မြေပြိုတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီဒေသမှာ ၂၀၀၇ ခုနှစ်လောက်ကတည်းက ဒယ်ကိုကုမ္ပဏီက ခဲသတ္တုတူးဖော်နေတာဖြစ်ပြီး ဒေသခံတွေကိုလည်း အလုပ်အကိုင်ရအောင် ပိဿာစားအနေနဲ့ ခွင့်ပြုထားတာလို့လည်း ပြောကြပါတယ်။

ရရှိလာတဲ့ခဲသတ္တုတွေကို အလေးချိန်နဲ့ အရောင်းအဝယ်လုပ်ပြီး အသက်မွေးကြတဲ့ ဒေသခံတွေကို ဒေသအခေါ် ပိဿာစားလို့ ခေါ်တာဖြစ်ပါတယ်။

ရေဖြူမြို့နယ်က ပိဿာစားလုပ်ကိုင်တဲ့ ဒေသခံတွေကို ကုမ္ပဏီက စာချုပ်ချုပ်ထားပြီး အဲဒီစာချုပ်ထဲမှာ ခဲရှာဖွေရင်း ထိခိုက်ဒဏ်ရာရတာ၊ အသက်သေဆုံးတာတွေဖြစ်ရင် ကိုယ့်ရဲ့တာဝန်သာဖြစ်တဲ့အကြောင်း ပါဝင်တယ်လို့ သိရပါတယ်။

ဒါ့အပြင် မြေပြိုတဲ့အန္တရာယ်ရှိနိုင်တဲ့နေရာတွေကို ကုမ္ပဏီက သတ်မှတ်ထားပြီး အဲဒီနေရာတွေမှာ ခဲမရှာဖို့ သတိပေးထားတာတွေရှိတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

မနေ့က အဲဒီကုမ္ပဏီလုပ်ကွက်ဝန်းထဲကို ခဲဝင်ရှာတဲ့ ပိဿာစားဒေသခံ ၂ ယောက်က နယ်လွန်ပြီး အန္တရာယ်ရှိ တဲ့နေရာကို ရောက်သွားတာဖြစ်နိုင်တယ်လို့ ကံပေါက်ကျေးရွာဒေသခံတစ်ယောက်က ပြောပါတယ်။

"အရင်က ဒီနေရာတွေက မြေစာတွေဘာတွေ ပုံထားတယ်ဆိုတော့လေ၊ အန္တရာယ်ရှိတယ်လို့ သူတို့ပြောတယ်။ ပြောတော့  အလုပ်သမားတွေကလည်း သဘောတူတယ်။ ကုမ္ပဏီက ချထားပေးတဲ့နေရာပဲလုပ်မယ်လို့ သဘော တူတယ်။ ခဲရှာတဲ့နေရာမှာ ကုမ္ပဏီက အန္တရာယ်ရှိတယ်ဆိုတဲ့ ကန့်သတ်နယ်မြေထဲကို ရောက်သွား တာဖြစ်မယ်။"

အဲဒီသတ္တုရှာဖွေရေးဝန်းထဲကို မနက် ၇ နာရီကနေ ညနေ ၅ နာရီအထိ ခဲရှာခွင့်ပြုထားပြီး မနေ့က ဝင်ရောက်ခဲ့တဲ့ ပိဿာစားဒေသခံ ၄၈ ယောက်ရှိတယ်လို့ သိရပါတယ်။ ညနေပိုင်းမှာ ပြန်ထွက်လာတဲ့သူလျော့နေတာကြောင့် သူတို့ကိုရှာတဲ့အခါ မြေပိပြီး သေဆုံးနေတာကို တွေ့ရတာလို့ နောက်ထပ် ဒေသခံတစ်ယောက်က ပြောပါတယ်။

"ကတ်ပြားထုတ်ပေးထားတယ်ဆိုတော့ ၅ နာရီ နောက်ဆုံးထားပြီး ထွက်ခိုင်းတယ်။ ၅ နာရီထိုးအထိ ပြန်မလာဘူးဆိုတော့ တခြားအပေါက်ကပဲ ထွက်သွားပြီလားဆိုပြီး လိုက်ရှာတော့ တွေ့တာ။ တွေ့တဲ့သူကလည်း အဲဒီနားမှာတွေ့မိတယ်ဆိုပြီး လိုက်ရှာရင်းနဲ့တွေ့တာ။ သူတို့ ၂ ယောက် မြေပြိုတယ်ဆိုတာသိတာ။ နို့မို့ရင်သိမှာတောင် မဟုတ်ဘူး။"

မိုးရွာတဲ့ကာလတွေမှာဆိုရင် ဒေသခံတချို့က ပိဿာစားအနေနဲ့ ခဲဝင်ရှာတာဖြစ်ပြီး တရက်ကို ကျပ် ၅ ထောင်ကနေ ၁ သောင်း ဝန်းကျင်လောက်ရရှိတယ်လို့ ပြောပါတယ်။ အဲဒီသတ္တုတွင်းဝန်းထဲကို ဝင်ရောက်ပြီး ပိဿာစားလုပ်ကိုင်သူအရေအတွက် ၂၀၀ လောက်ရှိတယ်လို့ သိရပါတယ်။

ဒီသတင်းကို RFA သတင်းထောက် မဇာဏီထွဏ်း ပေးပို့ထားတာဖြစ်ပါတယ်။


မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။