ဒီမိုကရေစီစကားဝိုင်း (ရှမ်းပြည်နယ်) တောင်ကြီးမြို့မှာ ဖွင့်လှစ်
2013.12.19

ဒီမိုကရေစီစကားဝိုင်း (ရှမ်းပြည်နယ်) လို့ အမည်ပေးထားတဲ့ ဒီမိုကရေစီစနစ်နဲ့ ပတ်သက်တဲ့ ၃ ရက်ကြာ ပညာပေးဆွေးနွေးပွဲကို ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ ရှမ်းစာပေနဲ့ ယဉ်ကျေးမှုခန်းမမှာ ဒီကနေ့ စတင်ကျင်းပပါတယ်။
ဒီမိုကရေစီတည်ဆောက်ရေးမှာ ဒေသခံပြည်သူတွေ အားလုံး ပါဝင်နိုင်ရေးအတွက် ဒီပွဲကိုကျင်းပတာဖြစ် တယ်လို့ ဒီမိုကရေစီစကားဝိုင်း ဖြစ်မြောက်ရေးဆောင် ရွက်ခဲ့တဲ့ ဒါန-ရှေ့ဆောင်မြန်မာအဖွဲ့က ပြောရေး ဆိုခွင့်ရှိသူ ကိုစောချစ်သက်ထွန်းက RFA ကို အခုလို ပြောပါတယ်။
"ဒီပွဲကို ကျနော်တို့ စီစဉ်ဖြစ်တဲ့အဓိကကတော့ သက်ဆိုင်ရာနယ် ဒေသအလိုက်မှာရှိတဲ့ အထူးသဖြင့် ဒီမိုကရေစီကျင့်စဉ်နဲ့ ဒီမိုကရေစီ သဘောတရားတွေ ပိုပြီးတော့ပွားများလာ ဖို့ နောက်ဒီမိုကရေစီ တည်ဆောက်ရေးမှာ အားလုံးပါဝင်ဆောင်ရွက်နိုင်ဖို့ ပြုလုပ်ရခြင်းဖြစ်ပါတယ်"
ဒေသခံလူငယ်တွေ နိုင်ငံရေးနဲ့ ပတ်သက်ပြီး စိတ်ဝင်စားမှု နည်းပါးလွန်းတဲ့အတွက် ဒီစကားဝိုင်းကို စီစဉ်တာဖြစ်ကြောင်း တောင်ကြီးမြို့နယ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ ဥက္ကဌ ဦးစောယွန်းပိုင်က RFA ကို အခုလို ပြောပါတယ်။
"အဓိကကတော့ လူငယ်တွေရဲ့ကွန်ရက်ကို ဦးစားပေးချင်တာပေါ့နော်၊ လူငယ်တွေရဲ့ စိတ်ဝင်စားမှုက ဒီနိုင်ငံရေးဘက်မှာ တအားနည်းတာပေါ့နော်၊ အသက် ၂ဝ ဝန်းကျင်တွေဆိုရင် ဘာမှဂဃဏနမသိဘူး၊ အဲဒါတွေ အဓိကထားပြီးတော့ သူတို့လုပ်ရဲကိုင်ရဲ ပြောရဲဆိုရဲလာအောင် ကျနော်တို့က စုစည်းပေးတာပါ"
အဲဒီ ဒီမိုကရေစီစကားဝိုင်းမှာ ဒေသတွင်း တရားဥပဒေစိုးမိုးရေး၊ ပဋိပက္ခပြဿနာများ ဖြေရှင်းရေး၊ ဒီမိုကရေစီအုပ်ချုပ်ရေးစနစ် တည်ဆောက်ရေး၊ တရားမျှတသော ရွေးကောက်ပွဲစနစ် ဖြစ်ပေါ်လာရေး စတဲ့ခေါင်းစဉ်တွေနဲ့ ဆွေးနွေးသွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။
အဲဒီစကားဝိုင်းကို ရှမ်းပြည်နယ် သစ်တောနှင့် သတ္တုဝန်ကြီး ဦးစိုက်အိုက်ပေါင်း၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ SNDP၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် PNO၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ USDP၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် PNLO၊ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA စတဲ့ အဖွဲ့အစည်းတွေ တက်ရောက်ကြပါတယ်။