ဒီးမော့ဆိုတိုက်ပွဲ စစ်ဘေးရှောင် ကလေးငယ်တစ်ဦး သေဆုံး
ကယားပြည်နယ် ဒီးမော့ဆိုမြို့မှာ စက်တင်ဘာ ၇ ရက်နေ့ မနေ့ ည ၇ နာရီဝန်းကျင်က စဖြစ်တဲ့ စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေရဲ့ တိုက်ပွဲအတွင်း ထွက်ပြေးတိမ်းရှောင်ခဲ့ရတဲ့ ပြည်သူတွေထဲက အသက် ရှစ်နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး ယာဉ်မတော်တဆမှုဖြစ်ပြီး သေဆုံးသွားပါတယ်။
သေဆုံးသွားတဲ့ ကလေးဟာ ဒေါငံခါး (၂) ရပ်ကွက်မှာ နေထိုင်တဲ့ ဦးစားကမိုရဲ့သမီး မဂျာဇင်းတာဖြစ်ပြီး ဒီးမော့ဆိုမြို့နယ်၊ ဒေါ်ပေါ်ကူးကျေးရွာ အဝင်လမ်းခွဲမှာ ကားနဲ့ဆိုင်ကယ်ချိတ်မိရာက သေဆုံးသွားတာ ဖြစ်တယ်လို့ စစ်ဘေးရှောင်ကူညီနေသူတစ်ဦးက RFA ကိုပြောပါတယ်။
ဆိုင်ကယ်ပေါ်ပါလာတဲ့ ကလေးငယ်နှစ်ဦးထဲက နောက်ထပ်တစ်ဦးလည်း ဒဏ်ရာအပြင်းအထန်ရထား တယ်လို့ ဒေသခံကဆိုပါတယ်။
ဒီးမော့ဆိုမြို့မရဲစခန်းကို မနေ့ညပိုင်းက ကရင်နီတပ်မတော် (KA) နဲ့ ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) တို့၀င်ရောက်တိုက်ခိုက်ချိန် နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုတွေကြောင့် ဒီးမော့ဆိုမြို့က ပြည်သူတွေ ညတွင်းချင်းပဲ ဒုတိယအကြိမ်အဖြစ် ထပ်မံထွက်ပြေးခဲ့ကြတာဖြစ်ပါတယ်။
ဒီးမော့ဆိုမြို့နယ်ရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်တွေ ဝင်ရောက်တိုက်ခိုက်ခဲ့ပေမယ့် ငွေတောင်ရွာမှာရှိတဲ့ စစ်ကောင်စီရဲ့ ခမရ (၁၀၂) နဲ့ ခလရ (၄၂၇) တပ်ကနေ လက်နက်ကြီးတွေနဲ့ ပစ်ကူပေးခဲ့တာကြောင့် မသိမ်းယူနိုင်ခဲ့ဘဲ ည ၁၁ နာရီလောက်မှာ ပြန်ဆုတ်ခဲ့ရတယ်လို့ KNDF နဲ့နီးစပ်သူ ဒေသခံတစ်ဦးက ပြောပါတယ်။
အဲဒီရဲစခန်းထဲမှာ စစ်ကောင်စီရဲ့ တပ်မ (၆၆) လည်း ရှိနေတယ်လို့သိရပြီး နှစ်ဖက်ထိခိုက်သေဆုံးမှုကိုတော့ သေချာမသိသေးဘူးလို့ ဒေသခံက ပြောပါတယ်။
“အဓိကက ၆ မိုင် ဒေါပိုးစီတစ်ဝိုက်ရယ်၊ ပြီးတော့ ငွေတောင်၊ ဒီးမော့ဆိုနားတစ်ဝိုက်ရယ်၊ မနေ့ညက ဆိုလို့ရှိရင် ငွေတောင်ဆည်မှာ၊ ဒီးမော့ဆို မြို့မရဲစခန်းမှာဖြစ်တော့ အဲဒီအနီးအနားက ခန့်မှန်းခြေရွာ ၁၀ ရွာဝန်းကျင် လောက်တော့ ရှိလိမ့်မယ်၊ အခုဒီရက်မှာဆိုရင်လည်း တခြားရွာတွေလည်း ဆက်ရှောင်နေ တုန်းပဲဆိုတော့ ဒီထက်များလာဖို့ရှိတယ်” လို့ဒေသခံက ဆိုပါတယ်။
မနေ့က ညနေ ၃ နာရီမှာလည်း ဒီးမော့ဆိုမြို့ ဒေါပိုးစီကျေးရွာမှာ နှစ်ဖက်တိုက်ပွဲဖြစ်ခဲ့သလို ညနေ ၅ နာရီ ခန့်မှာ စံပြ ၆ မိုင်မှာ တိုက်ပွဲထပ်မံဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က ဒေသခံပြည်သူတွေရဲ့ နေအိမ်လေးလုံးကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကရင်နီပြည်နယ်အတွင်းမှာ စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေရဲ့ တိုက်ပွဲတွေကြောင့် သေဆုံးသူ ၈၄ ဦးအထိရှိကာ နီးစပ်ရာတောတောင်တွေမှာ စစ်ဘေးရှောင်နေရတဲ့ပြည်သူ ၁၇၈,၀၀၀ ကျော်နဲ့ နယ်စပ်က ကရင်နီအမျိုးသားတိုးတက်ရေးပါတီ ထိန်းချုပ်နယ်မြေမှာ ၁၀၀၀ ကျော်ရှိနေပြီဖြစ်ပါတယ်။