အမှုဖွင့်ခံရတဲ့ DMG သတင်းထောက်ကိစ္စ ကောင်စီနဲ့ညှိနှိုင်းဖို့ တောင်းဆို
2021.01.26
ရခိုင်ပြည်နယ်အခြေစိုက် Development Media Group (DMG) သတင်းဌာနက သူတို့ သတင်းထောက် နှစ်ဦးကို တပ်မတော်က ဆက်သွယ်ရေးဥပဒေနဲ့ အမှုဖွင့်ထားတဲ့ကိစ္စနဲ့ ပတ်သက်လို့ သတင်းမီဒီယာဥပဒေအရ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ MPC နဲ့ ညှိနှိုင်းဖြေရှင်းဖို့ မနေ့က တောင်းဆိုလိုက်ပါတယ်။
ရခိုင်ပြည်နယ် စစ်တွေမြို့အခြေစိုက် Development Media Group (DMG) သတင်းဌာနက သတင်းထောက် မနှင်းနွယ်နဲ့ ဒုတိယတာဝန်ခံအယ်ဒီတာ ကိုနေဝင်းစံတို့ နှစ်ဦးကို ဗိုလ်မှူး ဘုန်းမြင့်ကျော်က တရားလိုလုပ် ပြီးတော့ စစ်တွေမြို့ အမှတ်(၂) ရဲစခန်းမှာ ဆက်သွယ်ရေးဥပဒေ ပုဒ်မ- ၆၆(ဃ)နဲ့ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၂ ရက်နေ့က အမှုဖွင့်ထားတာပါ။
DMG သတင်းဌာနက ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၀ ရက်နေ့က ဖော်ပြခဲ့တဲ့ ကျောက်တော်မြို့နယ် မာလာ(ရခိုင်) ကျေးရွာမှာ ရွာသားတွေ စစ်ဘေးရှောင်နေကြချိန် တပ်မတော်သားတွေက ကျေးရွာသားတွေ ပိုင်ဆိုင်တဲ့ စပါးတောင်း ၇၀၀ ကို ယူဆောင်သွားတဲ့အကြောင်း သတင်းဖော်ပြခဲ့ပါတယ်။
ဒီသတင်းနဲ့ပတ်သက်ပြီး တပ်မတော်က အမှုဖွင့်ထားတာပါ။
DMG သတင်းဌာနကတော့ တပ်မတော်အနေနဲ့ ဒီအမှုကိုပြန်ရုပ်သိမ်းပေးဖို့၊ ဥပဒေနဲ့အညီ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ MPC ကနေတဆင့် ဦးစွာတိုင်ကြားဆောင်ရွက်ဖို့၊ လွတ်လပ်စွာ ဖော်ပြရေးသားခွင့်နဲ့ သတင်းသမားတွေရဲ့ အခွင့်အရေး၊ ရပိုင်ခွင့်တွေကို လေးစားဖို့ မနေ့ကရက်စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။
အမှုဖွင့်ခံထားရတဲ့ DMG သတင်းဌာနရဲ့ ဒုတိယတာဝန်ခံအယ်ဒီတာ ကိုနေဝင်းစံက သူတို့အနေနဲ့ သတင်းကျင့်ဝတ်နဲ့အညီ ဖော်ပြခဲ့တာလို့ ပြောပါတယ်။
“ကျွန်တော်တို့ကတော့ သတင်းကျင့်ဝတ်နဲ့အညီ လုပ်ခဲ့တာလို့ပဲ ကျွန်တော်တို့ ပြောချင်တယ်။ နောက် တစ်ချက်က ဒီသတင်းကို ကျွန်တော်တို့က တပ်မတော်ကို ထိပါးချင်တဲ့ပုံစံမျိုး လုပ်ခဲ့တာမဟုတ်ဘူး။ အဓိကကတော့ ဒေသခံတွေ ဘယ်လိုဖြစ်နေတယ်။ ဘယ်လိုခံစားနေရတယ်ဆိုတာကို ကျွန်တော်တို့အဓိက Focus ဖြစ်ထားတာပေါ့နော်”
အမှုဖွင့်ခံရတဲ့ သတင်းသမား နှစ်ဦးနဲ့ပတ်သက်လို့ စစ်တွေမြို့အမှတ်(၂) ရဲစခန်းက တာဝန်ရှိသူတွေက မနေ့ညနေက DMG သတင်းဌာနရုံးကို လာရောက်စုံစမ်းမှုတွေ လုပ်ခဲ့တယ်လို့လည်း ကိုနေဝင်းစံက ပြောပါတယ်။
ဒီနေ့ညနေမှာတော့ ရဲစခန်းကို သွားရောက်ဖြေရှင်းဖို့ စီစဉ်ထားတယ်လို့လည်း သူက ဆိုပါတယ်။
တပ်မတော်က သတင်းသမား နှစ်ဦးကို အမှုဖွင့်ထားတဲ့ကိစ္စနဲ့ ပတ်သက်လို့ ကြားဝင်ညှိနှိုင်းပေးဖို့ DMG သတင်းဌာနက မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီကို မနေ့က စာပေးပို့ထားပါတယ်။
ကောင်စီနဲ့ ဦးစွာညှိနှိုင်းဖို့ တပ်မတော်ကို မနေ့က စာပေးပို့ထားပေမယ့် ဒီနေ့အထိ အကြောင်းမပြန်သေးဘူးလို့ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ တွဲဖက်အတွင်းရေးမှူး(၁) ဦးမြင့်ကျော်က ပြောပါတယ်။
“အခုဒီကိစ္စမှာတော့ တပ်မတော်ဘက်ကို သတင်းမီဒီယာကောင်စီကို ရှေ့ဦးစွာတိုင်ကြားဖို့အတွက် မေတ္တာရပ်ခံတဲ့စာ ပေးပို့လာတယ်။ မနေ့က မနက်ပိုင်းမှာ DMG ဘက်က အကြောင်းကြားစာပေါ့လေ။ အကူအညီတောင်းတဲ့ ဟာပေါ့။ သတင်းမီဒီယာကောင်စီက စာရပြီးပဲချက်ချင်း နေ့လယ်ပိုင်းမှာ ကောင်စီက တာဝန်ရှိတဲ့သူတွေ ဆွေးနွေးပြီးတော့ တပ်မတော်ဘက်ကို မွန်းလွဲပိုင်းကပဲ စာပို့ပြီးပါပြီ။ အခုချိန်ထိတော့ အကြောင်းမပြန်သေးပါဘူး”
DMG သတင်းထောက်တွေကို တပ်မတော်က အမှုဖွင့်တာဟာ သတင်းမီဒီယာသမားတွေအပေါ် ဖိနှိပ်ချုပ် ချယ်မှုဖြစ်လို့ ကန့်ကွက်ရှုတ်ချကြောင်းနဲ့ အမှုနဲ့ပတ်သက်လို့ သတင်းမီဒီယာကောင်စီကို ဦးစွာတိုင်ကြားပြီးမှ ညှိနှိုင်းဆောင်ရွက်ဖို့ စတဲ့အချက်တွေကို ပြည်တွင်းသတင်းမီယာတွေ၊ သတင်းမီဒီယာအဖွဲ့အစည်းအစည်း အချို့က မနေ့က သဘောထားကြေညာချက် အသီးသီးထုတ်ပြန်ထားကြပါတယ်။
တပ်မတော်ရဲ့ လုပ်ရပ်ဟာ သတင်းမီဒီယာအပေါ်မှာ ခြိမ်းခြောက်မှုတစ်ခုပဲလို့ DMG သတင်းဌာနက Operation Manager ကိုဇော်ဇော်က ဝေဖန်ပါတယ်။
“ပြောရမယ်ဆိုလို့ရှိရင် ကျွန်တော်တို့က local မီဒီယာသေးသေးလေး။ ဒီ local မီဒီယာသေးသေး လေးကိုမှ လာပြီးတော့ ခြိမ်းခြောက်သလိုဖြစ်နေတယ်လို့ ကျွန်တော် သုံးသပ်ပါတယ်။ ဒါက နောက် လူတွေ ဒီလိုမျိုးမလုပ်ရဲရအောင်လေ။ ကျွန်တော်တို့ကတော့ ကြားရင်ကြားတဲ့အတိုင်း၊ မြင်ရင်မြင်တဲ့ အတိုင်း ကျွန်တော်တို့ရေးမှာပဲ။ အဲဒါကိုနေပြီးတော့ အမှန်တရားတစ်ခုကို အမှားလုပ်ပါတယ်ဆိုတဲ့ စွပ်စွဲချက်မျိုးနဲ့ ကျွန်တော်တို့ကို ခြိမ်းခြောက်တယ်ပေါ့။ ကျွန်တော်တို့ကတော့ ဒီလိုမျိုးသုံးသပ်တယ်”
တပ်မတော်အနေနဲ့ သတင်းမီဒီယာဥပဒေအရ ကောင်စီကို ဦးစွာမတိုင်ကြားဘဲ တိုက်ရိုက်အမှုဖွင့်တဲ့ ကိစ္စအပေါ် သတင်းသမားတွေက ပြစ်တင်ဝေဖန်မှုတွေလည်းရှိနေပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ် ဇော်မင်းထွန်းက အခုလိုတုံ့ပြန်ပါတယ်။
“အဲဒီရခိုင်ရွာတွေမှာ လွန်ခဲ့တဲ့ ၂၀၂၀ မတ်လလောက်ကတည်းက လူလည်းမရှိဘူး၊ လယ်လည်းမစိုက်ဘူး။ ကျွန်တော်တို့ တပ်မတော်အနေနဲ့ ရိက္ခာသယ်နေတဲ့ဟာကို အဲဒီမှာရှိတဲ့ မြိုတိုင်းရင်းသား ရွာတစ်ရွာက နေပြီးတော့ ထော်လာဂျီငှားပြီးတော့ ရိက္ခာသယ်တာရှိတယ်။ ရိက္ခာသယ်တဲ့ဟာကို သူတို့ကစွပ်စွဲတာ ဖြစ်တယ်။ ဒီလိုအချိန်မျိုးမှာ ဘာကြောင့်တရားစွဲရလဲဆိုရင် ဒီလိုအခြေအနေမျိုးမှာ ရခိုင်မှာရှိနေတဲ့ လက်နက်ကိုင်အဖွဲ့အစည်းနှစ်ခုအနေနဲ့က မြေပြင်အခြေအနေမှာ ကျွန်တော်တို့အနေနဲ့ ပြည်သူလူထု အပေါ်မှာ မူတည်ပြီးတော့ ပြည်သူလူထုရဲ့ ငြိမ်းချမ်းစွာနေထိုင်နိုင်ရေးအပေါ်မှာ မူတည်ပြီးတော့ ပစ်ခတ်တိုက်ခိုက်မှု လုပ်ထားတဲ့အချိန်မှာ တစ်မျိုးတစ်မည်ထင်လာအောင်ပေါ့နော် လုပ်ကြံဖန်တီးပြီး ရေးထားတာအတွက်ကြောင့်မို့လို့ ကျွန်တော်တို့အနေနဲ့ လုပ်ရခြင်းဖြစ်တယ်”
သတင်းသမားတွေ အမှုဖွင့်ခံထားရတဲ့ ဆက်သွယ်ရေးဥပဒေပုဒ်မ-၆၆(ဃ) ဟာ သုံးနှစ်ထက်မပိုတဲ့ ထောင်ဒဏ်၊ ငွေဒဏ်၊ ဒါမှမဟုတ် ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခံရနိုင်တဲ့ပုဒ်မလည်းဖြစ်ပါတယ်။
DMG သတင်းဌာနရဲ့ အယ်ဒီတာချုပ်နဲ့ အမှုဆောင်အရာရှိချုပ် ဦးအောင်မင်းဦးဟာ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် မေလ ၁၁ ရက်နေ့မှာ သတင်းတပ်ဖွဲ့ SB က တရားလိုလုပ်ပြီး မတရားအသင်းဆက်သွယ်မှုပုဒ်မ - ၁၇(၂)နဲ့ စစ်တွေမြို့မရဲစခန်းမှာ အမှုဖွင့်ခံထားရပါတယ်။
DMG သတင်းဌာန ရဲ့ မောင်တောဒေသသတင်းထောက် ကိုအောင်ကျော်မင်းဟာလည်း ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၁ ရက်နေ့မှာ လမ်းတံတားဦးစီးဌာနက တရားလိုလုပ်ပြီး ဆက်သွယ်ရေးဥပဒေပုဒ်မ- ၆၆(ဃ)နဲ့ မောင်တော မြို့မ ရဲစခန်းမှာ အမှုဖွင့်ခံထားရပါတယ်။
ရခိုင်သတင်းတွေကို အဓိကဖော်ပြနေတဲ့ DMG သတင်းဌာနရဲ့ အင်တာနက်ဝက်ဆိုက်ကို ပြီးခဲ့တဲ့၂၀၂၀ မတ်လ ၂၄ ရက်နေ့ကစပြီး မိုဘိုင်းဖုန်းဒေတာနဲ့ ကြည့်ရှုခွင့်ကို အစိုးရက ဒီနေ့အထိ ပိတ်ပင်ထားပါတယ်။