မွန်ပါတီနှစ်ခုပေါင်းရေး သဘောတူညီမှု မရသေး


2013.12.23
mon-party-combine-305.jpg မွန်ပါတီနှစ်ပါတီ ပေါင်းစည်းနိုင်ဖို့အတွက် မော်လမြိုင် မြို့ ဈေးကြို ရပ်ကွက်မှာရှိတဲ့ ဓါတုမာလာ ဘုန်းတော် ကြီးကျောင်းမှာ နိုဝင်ဘာ လ ၂၂ ရက်နေ့က ပါတီနှစ်ခုရဲ့ ထိပ်တန်းခေါင်းဆောင်တွေ ဆွေးနွေးစဉ်
Photo: RFA

မွန်ဒီမိုကရေစီပါတီနဲ့ မွန်ဒေသလုံးဆိုင်ရာပါတီတို့ ပူးပေါင်းဖို့ကြိုးစားနေရာမှာ မွန်ဒေသလုံးဆိုင်ရာပါတီရဲ့ ထိပ်ပိုင်းခေါင်းဆောင်တချို့က ကန့်ကွက်နေ တာကြောင့် ပါတီနှစ်ခုပေါင်းရေးကိစ္စကို ရွှေ့ဆိုင်း ထားရကြောင်း သိရပါတယ်။

မွန်နှစ်ပါတီ ပူးပေါင်းရေးကို ကန့်ကွက်တဲ့ မွန်ဒေသလုံး ဆိုင်ရာ ဒီမိုကရေစီပါတီက အတွင်းရေးမှူး အပါအဝင် ၅ ဦးဟာ မနေ့ကကျင်းပတဲ့ နှစ်ပါတီ ပူးပေါင်းရေးဆွေးနွေးပွဲကို မတက်ရောက်ခဲ့တဲ့အတွက် ဆုံးဖြတ်ချက်မချနိုင်ခဲ့ကြောင်း မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ ဥက္ကဌ ဦးနိုင်ငွေသိန်းက ပြောပါတယ်။

"ဟိုဘက်ပါတီကတော့ အပြည့်လာကြတယ်၊  မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီကတော့ မပေါင်းချင်တဲ့သူတွေ ကျန်တဲ့အခါကျတော့ သွားတာသိပ်မစုံဘူး၊ မပေါင်းချင်တဲ့ ပုဂ္ဂိုလ်တွေကတော့ မွန်ပြည်နယ်မှာရှိတဲ့ ဝန်ကြီးနှစ်ပါးနဲ့ အမတ်တစ်ယောက်ဦးဆောင်ပြီးတော့ ၄၊ ၅ ယောက်ရှိတယ်၊ လောလောဆယ် ဆုံးဖြတ်ချက်က နာမည်အသစ်တစ်ခု ရွေးခိုင်းတာရသွားပြီ၊ မွန်အမျိုးသားပါတီကို ရွေးဖြစ်လိုက်တာ"

နှစ်ပါတီပေါင်းစည်းရေးမှာ သဘောမတူညီသူတွေက လက်ရှိပြည်နယ်အစိုးရနဲ့ လွှတ်တော်မှာတာဝန်ယူထားသူ ၃ ဦးနဲ့ ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ၂ ဦး စုစုပေါင်း ၅ ဦးဖြစ်ပါတယ်။ အဲ့ဒီနှစ်ပါတီပူးပေါင်းရေးအတွက် နှစ်နှစ်ကျော်ကြာ ဆွေးနွေးညှိနှိုင်းခဲ့ကြပြီး ပါတီတစ်ခုစီကအဖွဲ့ဝင် ၁၅ ဦးစီပါဝင်တဲ့ မွန်နှစ်ပါတီပေါင်းစည်းရေးကော်မတီကို ဖွဲ့စည်းဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။

မွန်ဒီမိုကရေစီပါတီဟာ ၁၉၉၀ ရွေးကောက်ပွဲကတည်းက တည်ထောင်ခဲ့တဲ့ပါတီဖြစ်ပြီး မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီဟာ ၂၀၁၀ ရွေးကောက်ပွဲကာလမှာ တည်ထောင်ခဲ့တာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။