မြေမြှုပ်မိုင်း ဖောက်ခွဲမှု DKBA ထုတ်ဖော်ပြောကြား

မြဝတီ-ကော့ကရိတ် ကားလမ်းပေါ်မှာ မနေ့က မြေမြှုပ်မိုင်းတလုံး ပေါက်ကွဲခဲ့တာဟာ သူတို့ ဆောင်ရွက်ချက် ဖြစ်တယ်လို့ DKBA အဖွဲ့ခေါင်းဆောင် ဗိုလ်မှူးချုပ် စောလားဘွယ်က ထုတ်ဖော် ပြောဆိုပါတယ်။

2011.01.08
အဲဒီ ဗုံးကွဲမှုမှာ အနည်းဆုံး လူ ၈ ဦး ထိခိုက် ဒဏ်ရာရခဲ့တယ်လို့သတင်းတွေမှာ ဖော်ပြကြပါတယ်။ ဗိုလ်မှူးချုပ် စောလားဘွယ်ကတော့ အဲဒီလမ်းကြောင်းမှာ သွားနေတဲ့ ကားတွေဟာ စစ်အစိုးရ နယ်ခြားစောင့်တပ်ရဲ့ ကားတွေဖြစ်ပြီး နယ်ခြားစောင့် တပ်ဖွဲ့ဝင်တွေက အဲဒီ မြဝတီလမ်းကြောင်းပေါ်မှာ ပြည်သူတွေကို အာဏာသုံး အင်အားပြသလို လူထုကို ပေါ်တာဆွဲတာတွေ ရှိတဲ့အတွက် ကာကွယ်တာက တကြောင်း၊ လူထုကို ဖိနှိပ်တဲ့ သူတို့ရဲ့ စီးပွားရေးလမ်းကြောင်းကို ဖြတ်ချင်တာက တကြောင်းကြောင့် အခုလို ဆောင်ရွက်ရတာဖြစ်တယ်လို့ ပြောပါတယ်။

ဒီအတောအတွင်းမှာပဲ ဗိုလ်မှူးချုပ် စောလားဘွယ်ရဲ့ အဖွဲ့ကို စစ်အစိုးရဘက်က အပစ်အခတ် ရပ်စဲရေး ဆွေးနွေးဖို့ ကမ်းလှမ်းနေတယ် ဆိုပေမယ့် သူတို့ ထိန်းချုပ်ရာ ဝေါ်လေဒေသကို ဒီကနေ့ မနက် ၁၀ နာရီ ကျော် လောက်ကစပြီး အင်အား ၂ ရာလောက် ရှိတဲ့ စစ်အစိုးရ တပ်ရင်း ၂ ရင်းနဲ့ လက်နက်ကြီးတွေ သုံးပြီး တိုက်ခိုက်နေတယ်လို့ အဖွဲ့ရဲ့ခေါင်းဆောင် ဗိုလ်မှူးချုပ် စောလားဘွယ်က RFA ကို ပြောပါတယ်။

ဗိုလ်မှူးချုပ် စောလားဘွယ် ဦးဆောင်နေတဲ့ DKBA အဖွဲ့ဟာ စစ်အစိုးရရဲ့ နယ်ခြားစောင့်တပ် ဖွဲ့စည်းရေး အစီအစဉ်ကို လက်မခံဘဲ ဆက်လက် တိုက်ပွဲဝင်နေတာ ဖြစ်ကြောင်းနဲ့ လတ်တလော စစ်အစိုးရဘက်က ဆွေးနွေးလာရင်လည်း မဟာမိတ်အဖွဲ့တွေနဲ့ သဘောတူထားတဲ့အတိုင်း ပြည်ထောင်စုကြီးတခု ပေါ်ပေါက်ရေးနဲ့ တိုင်းရင်းသားတွေ တန်းတူ အခွင့်အရေးအတွက်ကိုသာ ဦးတည် ဆွေးနွေးမယ်လို့ RFA ကို ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။