အင်န်အယ်လ်ဒီ အဖွဲ့ဝင်များ မန္တလေးတိုင်းအတွင်း ရေဒီယို လှူဒါန်း

ရေဒီယိုမရှိတဲ့ သူတွေနဲ့ နိုင်ငံရေး စိတ်ဝင်စားတဲ့သူတွေကို ရေဒီယို ၁၅ လုံး အခ ုရက်ပိုင်းအတွင်းပဲ ပေးဝေလိုက်တယ်လို့ မိတ္ထီလာမြို့က အင်န်အယ်လ်ဒီ အတွင်းရေးမှူး ဒေါ်မြင့်မြင့်အေးကတော့ ပြောပါတယ်။
“မိတ္ထီလာအနေနဲ့ကတော့ ခရိုင်အစည်းအဝေးကို ၁ ရက်နေ့တိုင်း လုပ်ပါတယ် အင်္ဂါနေ့တိုင်းလည်း ဘုရားဝတ်ပြုဆုတောင်းတာ သွားဖြစ်တယ်။ အဲဒီနေရာမှာ လူသစ်တွေလည်း ထပ်ပြီးတော့ တိုးလာတယ် ပင်စင်စား လူကြီးတွေလည်း တိုးလာတာတွေ ရှိတယ် ကျမတို့အဖွဲ့ထဲကရော နောက် ကျမတို့အဖွဲ့နဲ့ နွှယ်ပြီးတော့ ရပ်ထဲရွာထဲမှာရှိတဲ့ တချို့လူကြီးတွေက ရေဒီယို သိပ်မကောင်းပဲနဲ့ နားထောင်နေရတဲ့ လူတွေလည်း ပေးလိုက်တာပဲ အဖွဲ့ထဲကလူတွေရော အပြင်ကလူတွေရော အကုန်လုံး နိုင်ငံရေးစိတ်ဝင်စားတဲ့လူတွေ ဝေတာပါ ရှိပြီးသားလူတွေ ပေးတာတော့မဟုတ်ဘူး။”
လူအများက မြန်မာ့နိုင်ငံရေးနဲ့ နိုင်ငံအတွင်းက အဖြစ်အပျက်မှန်တွေကို သိရှိနိုင်ဖို့ အစိုးရ မီဒီယာတွေကို ပြည်သူလူထုက အားမကိုးပဲ ပြည်ပရေဒီယိုတွေကိုပဲ နားထောင်နေရတာကြောင့် အခုလို ရေဒီယိုတွေကို ပေးဝေရတာဖြစ်တယ်လို့ ဒေါ်မြင့်မြင့်အေးက ဆက်ပြောပါတယ်။
မန္တလေး အင်န်အယ်လ်ဒီ လူမှုအကူအညီပေးရေးအဖွဲ့ခေါင်းဆောင် ဦးကိုကြီးကလည်း သူနဲ့ အင်န်အယ်လ်ဒီ အဖွဲ့ဝင် မဟုတ်တဲ့ သူတယောက်ကလည်း သူတို့ အလှူအတန်းလုပ်တဲ့ တချိန်တည်းမှာ သံဃာတော်တွေကို ရေဒီယိုတွေ ထည့်ပြီး လှူဒါန်းလိုက်တယ်လို့ ပြောပါတယ်။
“ကိုသိန်းအောင်မြင့်တို့က ဝေတယ်။ ဝေတာကဒီလို သူ့ဆီကို လှူသွားတဲ့ ရေဒီယိုအလုံး ၃၀ အင်န်အယ်လ်ဒီ က ရဟန်းခံချင်တဲ့ လူငယ်တယောက်ကို ရဟန်းခံပေးရင်းနဲ့ အဲဒီမှာကြွလာတဲ့ ရဟန်းတွေကို လှူလိုက်တာပါပဲ။ ကျနော်နဲ့ တပုံစံတည်းလိုဖြစ်သွားတာပေါ့ သူက ရဟန်းခံ လှူတာပေါ့။”
မန္တလေးတိုင်းအတွင်းမှာ အင်န်အယ်လ်ဒီ အဖွဲ့ဝင်တွေက ရေဒီယိုတွေကို ပေးဝေလှူဒါန်းတာ ဒါပထမဆုံးအကြိမ် ဖြစ်တယ်လို့ သိရပါတယ်။