DPN နဲ့ ငြိမ်းချမ်းရေးကော်မရှင် မနက်ဖြန် တေ့ွဆုံမည်


2017.11.15
dpn-meet-pc-nov8-622.jpg UNFC ရဲ့နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့နဲ့ ငြိမ်းချမ်းရေးကော်မရှင်တို့ (၈) ကြိမ်မြောက် ဆွေးနွေးပွဲကို နိုဝင်ဘာလ ၈ ရကေ်န့ကကျင်းပစဉ်
Photo: UNFC - Burma's facebook

NCA လက်မှတ်ရေးထိုးနိုင်ရေးအတွက် ညှိနှိုင်းဆွေးနွေးဖို့ ကျန်နေတဲ့အချက်တွေကို အစိုးရ ငြိမ်းချမ်းရေးကော်မရှင်နဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ရဲ့ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ DPN တို့ မနက်ဖြန် ရန်ကုန်မြို့မှာ ၉ ကြိမ်မြောက် တွေ့ဆုံဆွေးနွေးသွားမယ်လို့ UNFC ရဲ့ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးထွန်းဇော်က ဒီနေ့ ပြောပါတယ်။

ညှိနှိုင်းဖို့ ကျန်နေတဲ့ အချက်အသေးစိတ်ကိုတော့ စည်းမျဉ်းစည်းကမ်းအရ ထုတ်ဖော်ပြောကြားနိုင်ခြင်းမရှိဘူးလို့ ဦးထွန်းဇော်က ပြောပါတယ်။

"ကျနော်တို့ ဆက်လက်ညှိနှိုင်းဖို့ ကျန်နေတဲ့အချက်တွေကို ဆွေးနွေးကြမှာ ဖြစ်ပါတယ်။ အချက်အလက်အားဖြင့် ပြောဖို့တော့ ခက်ပါတယ်။ ကျနော်တို့ ဒီအချက်အလက်နဲ့ ပြောလို့မရတာ ဘာကြောင့်လဲဆိုတော့ အခုကျနော်တို့ သွားနေတဲ့အထဲမှာ ကျနော်တို့ရဲ့ အခြေခံ စည်းမျဉ်း၊ စည်းကမ်းတွေ ရှိတာပေါ့နော်။ အဲဒါဘာလဲဆိုတော့ ဒီအချက်တစ်ချက် ကျန်သည့်တိုင်အောင် ကျန်တဲ့အချက်များ သဘောတူတယ်လို့ မှတ်ယူလို့မရဘူးပေါ့။ အဲဒီလိုအချက်ရှိပါတယ်။ အဲဒါ NCCT ခေတ်ကာလကတည်းက လုပ်လာခဲ့တဲ့ Ground Rules (အခြေခံစည်းမျဉ်း) ၁၀ ချက်ထဲက အဓိက အချက်တစ်ချက်ဖြစ်တယ်ပေါ့နော်။ အဲဒီအချက်အရ ကျနော်တို့ အချက်အလက်အရ ပြောဖို့ ခက်ပါတယ်။ ညှိနှိုင်းသဘောတူညီမှုရပြီးမှ ဒါကို သဘောတူတယ်လို့  ပြီးပြတ်တယ်လို့ ပြောလို့ရမှာ ဖြစ်ပါတယ်"

UNFC အနေနဲ့ ဆွေးနွေးပွဲရလဒ်အပေါ် အကောင်းဘက်က မျှော်လင့်ထားတယ်လို့လည်း ပြောပါတယ်။

အစိုးရ ငြိမ်းချမ်းရေး ကော်မရှင်နဲ့ UNFC တို့ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၈ ရက်နေ့နဲ့ ၉ ရက်ကလည်း ရန်ကုန်မြို့မှာ ၈ ကြိမ်မြောက် တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

အဲဒီဆွေးနွေးပွဲမှာ UNFC ဘက်က တောင်းဆိုထားတဲ့ အချက် ၈ ချက်ထဲက ၆ ချက်ကို သဘောတူညီမှု ရရှိခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့် နှစ်ဖက်စလုံးကတော့ အတည်မပြုခဲ့ပါဘူး။

အစိုးရနဲ့ တပ်မတော်ဘက်က အပစ်အခတ်ရပ်စဲကြောင်း စတင်ကြေညာဖို့နဲ့ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် အာမခံချက် အပြည့်ရှိတဲ့ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရန် ဆိုတဲ့အချက် ၂ ချက်ကို ဆွေးနွေးဖို့ ကျန်နေတာဖြစ်တယ်လို့ သတင်းထွက်ပေါ် ခဲ့တာဖြစ်ပါတယ်။

UNFC အဖွဲ့ထဲမှာ မွန်ပြည်သစ်ပါတီ NMSP၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP၊ ရခိုင်အမျိုးသားကောင်စီ ANC နဲ့ လားဟူ ဒီမိုကရက်တစ် အစည်းအရုံး LDU တို့ ပါဝင်ပါတယ်

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။