ကျပ်ငွေ ၅၅ သန်းဖိုး ဓါတုဆေးများ တာချီလိတ်မြို့မှာ ဖမ်းဆီးရမိ
2016.01.31

ထိုင်းမြန်မာနယ်စပ်မြို့တစ်မြို့ဖြစ်တဲ့ ရှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့မှာ မူးယစ်စိတ်ကြွဆေးပြား ပြုလုပ်ရာမှာအသုံးပြု တဲ့ ကျပ်သိန်းပေါင်း ၅၅၀ ကျော်တန်ဖိုးရှိတဲ့ ဓါတုဆေးတွေကို ဇန်နဝါရီလ ၃၀ ရက်နေ့က မူးယစ်ဆေးဝါးတားဆီးနှိမ် နင်းရေး ပူးပေါင်းတပ်ဖွဲ့တွေက ဖမ်းဆီးရမိခဲ့တယ်လို့ မူးယစ်ရဲအုပ် အောင်ကျော်စိုး က ပြောပါတယ်။
မူးယစ်ဆေးတွေ ဖမ်းဆီးရမိခဲ့တဲ့နေရာကတော့ လာအိုနယ်စပ်နဲ့ နီးစပ်တဲ့ ကျိုင်းလတ်မြို့ဘက်ကနေပြီး တာလေဘက် ကို မောင်းနင်လာတဲ့ ကားလမ်းမပေါ်မှာ စစ်ဆေးဖမ်းဆီးရမိခဲ့တာ ဖြစ်တယ်လို့ မူးယစ်တပ်ဖွဲ့က ရဲအုပ် အောင်ကျော်စိုး က ပြောပါတယ်။
"ကျနော်တို့ နမ့်ကိုင်း နယ်မြေခံတပ်ကနေပြီးတော့ အဲ့ဒီမှာ ပူးပေါင်းဂိတ်ရှိတယ် အဲ့ဒီ ဂိတ်ရဲ့ကီလိုမီတာ ၇ဝ အကွာမှာပေါ့ ကားတစ်စီး ရပ်ထားလို့သွားဖမ်းတာပါ၊ ယာဉ်မောင်းက ထွက်ပြေးသွားပြီးတော့ တစ်ယောက်ကတော့ မိတာပေါ့၊ ကဖင်း ၆၉၄ ကီလိုပေါ့နော်၊ ကဖင်းဆိုတာ စိတ်ကြွဆေးပြားလုပ်တဲ့နေရာမှာ အသုံးပြုတဲ့ ထိန်းချူပ် ထားတဲ့ ဥပဒေအရပစ္စည်းပေါ့၊ ဒီကောင်က တစ်ကီလိုကို ရှစ်သောင်းနဲ့ မြှောက်လိုက်ပေါ့၊ အားလုံးပေါင်း သိန်းငါးရာကျော်ထွက်မှာပေါ့နော်"
ထွက်ပြေးလွတ်မြောက်သွားသူက အသက် ၃၅ နှစ်အရွယ် အိုက်နွန် ဆိုသူ ဖြစ်ပြီး အသက် ၄၅ နှစ်အရွယ် ဦးကျဟား ဆိုသူကိုတော့ မူးယစ်ဆေးတွေနဲ့အတူ ဖမ်းဆီး ရမိခဲ့တယ်လို့ သိရပါတယ်။
လောလောဆယ် သူတို့နှစ်ဦးကို မိုင်းပါလျိုးနယ်မြေရဲစခန်းက မူးယစ်စေတတ်ပြီး စိတ်ကိုပြောင်းလဲစေတတ်တဲ့ မူးယစ်ဆေး ပုဒ်မ ၁၅/၁၆ (ခ)/၂၁ အရ အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။
တာချီလိတ်မြို့နယ်အတွင်းမှာ မူးယစ်ဆေးဝါးတွေနဲ့ ရောင်းဝယ်သူတွေကို မကြာခဏ ဖမ်းဆီးရမိပြီး ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်အတွင်း မူးယစ်ဆေးဝါးအမှုပေါင်း ၁၉၆ မှုနဲ့ လူဦးရေ ၃၁၂ ယောက် ဖမ်းဆီးရမိခဲ့ပြီး မူးယစ်ဆေးထုတ်လုပ်ရာမှာ အသုံးပြုတဲ့ စက်ပစ္စည်း တွေနဲ့အတူ ထိုင်းဘတ်ငွေ သိန်းပေါင်း ၂၇ သိန်းကျော်၊ တရုတ် ယွမ်ငွေ နှစ်သောင်းနီးပါး နဲ့ မြန်မာကျပ်ငွေ သိန်း ၄၀၀ နီးပါးလည်း သိမ်းဆည်းရမိခဲ့တယ်လို့သိရပါတယ်။