ငလျင်အကူအညီ စစ်ကောင်စီကို ပေးမှာမဟုတ်ကြောင်း တောင်ကိုးရီးယားအမတ်တွေပြော

RFA Burmese
2025.04.11
ငလျင်အကူအညီ စစ်ကောင်စီကို ပေးမှာမဟုတ်ကြောင်း တောင်ကိုးရီးယားအမတ်တွေပြော ဧပြီ ၁၀ ရက်က ဆိုလ်းမြို့က လွှတ်တော်မှာ ကျင်းပတဲ့​ မြန်မာ့အရေးကြားနာပွဲ။ Photo: NUG Representative Office- South Korea
NUG

မြန်မာနိုင်ငံက ငလျင်ဒဏ်သင့်ပြည်သူတွေအတွက် လူသားချင်းစာနာမှုအထောက်အပံ့တွေကို စစ်ကောင်စီထံ တိုက်ရိုက်ပေးအပ်မှာမဟုတ်ကြောင်း၊ မြန်မာပြည်သူတွေလက်ထဲ ရောက်ရှိအောင် နိုင်ငံတကာ အဖွဲ့အစည်းတွေကတဆင့် ပေးအပ်သွားမှာဖြစ်ကြောင်း တောင်ကိုးရီးယားလွှတ်တော်အမတ်တွေက ဧပြီလ ၁၀ ရက်နေ့က ပြောလိုက်ပါတယ်။

ဆိုးလ်မြို့ ကိုးရီယားလွှတ်တော်မှာကျင်းပတဲ့ မြန်မာ့အရေးကြားနာပွဲမှာ ပြောကြားခဲ့တာပါ။

ဒီကြားနာပွဲကို အမျိုးသားညီညွတ်ရေးအစိုးရ NUG လူ့အခွင့်အရေးဆိုင်ရာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်း နဲ့ NUG ကိုးရီးယားသမ္မတနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဦးရန်နိုင်ထွန်း အပါအဝင် ကိုးရီးယားနိုင်ငံရောက် ဒီမိုကရေစီရေးလှုပ်ရှားသူတွေ တက်ရောက်ခဲ့ပါတယ်။

အခမ်းအနားမှာ NUG လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်း က အာဏာသိမ်း လေးနှစ်အတွင်း စစ်ကောင်စီရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ NUG နဲ့ တိုင်းရင်းသားအင်အားစုတွေရဲ့ စိုးမိုးအုပ်ချုပ်ထားမှု အခြေအနေ၊ စစ်ကိုင်းငလျင်ကြီးကြောင့် ပျက်စီးဆုံးရှုံးမှုတွေ နဲ့ NUG ရဲ့ ကူညီကယ်ဆယ်ရေးဆောင်ရွက်ချက်တွေ၊ ငလျင်ဘေးဒဏ်အတွင်း စစ်ကောင်စီရဲ့ လေကြောင်း တိုက်ခိုက်မှုတွေ၊ ငလျင်အပေါ် စစ်ကောင်စီရဲ့ တုံ့ပြန်မှု နဲ့ နိုင်ငံတကာက သတိပြုရမယ့်အချက်တွေကို တင်ပြခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီနဲ့ ပူးပေါင်းနေတဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို ပိတ်ပင်ဖို့၊ စစ်လက်နက် လေယာဉ်ဆီ နဲ့ နည်းပညာထောက်ပံ့ခြင်တွေကို ပိတ်ပင်ဖို့၊ စစ်ကောင်စီ နဲ့ သံတမန်ရေး အဆက်အဆံမလုပ်ဖို့ နဲ့ ကျင်းပမယ့် ရွေးကောက်ပွဲကို အသိအမှတ်မပြုဖို့၊ စစ်အုပ်စုရဲ့ နိုင်ငံတကာရာဇဝတ်မှုတွေကို နိုင်ငံတကာမှာ တရားစွဲဆိုရာမှာ ပါဝင်ပေးဖို့တွေ တိုက်တွန်း တောင်းဆိုခဲ့တယ်လို့ ဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။