အရပ်သားတွေအပေါ် ပစ်ခတ်တိုက်ခိုက်မှု ချက်ချင်းရပ်ဖို့ သံရုံးတွေ တောင်းဆို

2021.12.24
အရပ်သားတွေအပေါ် ပစ်ခတ်တိုက်ခိုက်မှု ချက်ချင်းရပ်ဖို့ သံရုံးတွေ တောင်းဆို လေးကေ့ကော်တိုက်ပွဲကြောင့် တောထဲထွက်ပြေးနေရသူတွေကို ၂၀၂၁ ဒီဇင်ဘာ ၂၀ ရက်နေ့က တွေ့ရစဉ်
MAP Photo

ကရင်ပြည်နယ်ထဲက ရွာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်တာ အပါအဝင် အရပ်သားပြည်သူတွေအပေါ် တိုက်ခိုက်မှုတွေဟာ နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေကို ချိုးဖောက်နေတာဖြစ်လို့ ချက်ချင်းရပ်တန့်ရမယ်လို့ အမေရိကန် အပါအဝင် မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂနိုင်ငံသံရုံးတွေက ဒီဇင်ဘာလ ၂၄ ရက် ဒီကနေ့မှာ ကြေညာချက် ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။

နယူးဇီလန်၊ နော်ဝေ၊ ဆွစ်ဇာလန်၊ ဗြိတိန်(ယူကေ)၊ အမေရိကန်၊ သြစတြေးလျ၊ ကနေဒါနဲ့ မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂသံရုံး အပါအဝင် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံ သံရုံးတွေဖြစ်တဲ့ ချက်သမ္မတနိုင်ငံ၊ ဒိန်းမတ်၊ ဖင်လန်၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ နယ်သာလန်၊ စပိန်နဲ့ ဆွီဒင်နိုင်ငံတွေရဲ့ မြန်မာနိုင်ငံဆိုင်ရာ သံအမတ် ကြီးတွေ၊ သံရုံးယာယီတာဝန်ခံတွေနဲ့ သံရုံးအကြီးအကဲတွေက ပူးပေါင်းလက်မှတ်ရေးထိုးပြီး ထုတ်ပြန်တာလို့ ဆိုပါတယ်။

စစ်အာဏာရှင်ရဲ့ နိုင်ငံတစ်ဝန်း ကျူးလွန်ထားတဲ့ ပြင်းထန်ဆိုးရွားတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို မိမိတို့ ရှုတ်ချကြောင်းနဲ့ ကရင်ပြည်နယ်နဲ့ တစ်နိုင်ငံလုံးက အဆင်အခြင်မဲ့ တိုက်ခိုက်ခံရမှုတွေကို ချက်ချင်း ရပ်တန့်ရန်နဲ့ အရပ်သားပြည်သူတွေကို နိုင်ငံတကာဥပဒေနဲ့အညီ ဘေးကင်းလုံခြုံစွာထားရှိဖို့ တောင်းဆိုတယ် လို့လည်း ပါရှိပါတယ်။

ဒီတိုက်ခိုက်မှုတွေကြောင့် ထောင်နဲ့ချီတဲ့ပြည်သူတွေ အိုးအိမ်စွန့်ခွာထွက်ပြေးနေကြရပြီး လူသားချင်းစာနာ ထောက်ထားမှုအကူအညီတွေ အရေးပေါ်လိုအပ်နေတာကြောင့် ပြည်သူတွေအားလုံး အကူညီတွေရရှိဖို့နဲ့ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းတွေကိုလည်း အပြည့်အ၀ကာကွယ်စောင့်ရှောက်ပေးပြီး ဘေးကင်းလုံခြုံမှုရှိစေရေး တောင်းဆိုတယ်လို့လည်း ရေးသားထားပါတယ်။

ကရင်ပြည်နယ် မြ၀တီမြို့နယ် လေးကေ့ကော်မြို့သစ်ကို ဒီဇင်ဘာလ ၂၃ ရက် မနေ့ညကစပြီး စစ်ကောင်စီက လေကြောင်းနဲ့ ပစ်ခတ်တဲ့အပြင် လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့ပြီးမှာ အခုလို ထုတ်ပြန်ချက်ထွက်လာတာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။