ဥရောပရဲ့ တပ်ကိုဒဏ်ခတ်မှု သက်တမ်းတိုးခြင်းအပေါ် မတူသောအမြင်များရှိနေ
2020.04.29
လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ကျူးလွန်ထားတယ်ဆိုတဲ့ စွဲချက်နဲ့ တပ်မတော်နဲ့ ရဲတပ်ဖွဲ့ ထိပ်တန်းအရာရှိ တချို့ကို ဗြိတိန်အစိုးရ၊ ဘဏ္ဍာရေး ဝန်ကြီးဌာနနဲ့ ဥရောပ သမဂ္ဂ EU တို့က အရေးယူ ပိတ်ဆို့မှု သက်တမ်း တစ်နှစ် ထပ်တိုးလိုက်ပါတယ်။ ဒီလိုအရေးယူမှုနဲ့ ပတ်သက်ပြီး မြန်မာပြည်က လေ့လာစောင့်ကြည့်သူများကြားမှာ အမြင် မတူညီမှုတွေ ရှိနေပါတယ်။
ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ ကချင်ပြည်နယ်တွေမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျူးလွန်တယ်ဆိုတဲ့ စွဲချက်နဲ့ ဒုတိယဗိုလ်ချုပ်ကြီး တစ်ဦး၊ ဗိုလ်ချုပ် နှစ်ဦး၊ ဗိုလ်မှူးချုပ် လေးဦးနဲ့ရဲအရာရှိတချို့ကို ဘဏ္ဍာရေးအရ ပိတ်ဆို့အရေးယူထားတဲ့ သက်တမ်းကို လာမယ့် ၂၀၂၁ အထိ သက်တိုးအရေးယူလိုက်ပါတယ်။
အခုလို အရေးယူပိတ်ဆို့မှု ပြုလုပ်တာဟာ NLD အစိုးရနဲ့ တပ်မတော်အကြား သံသယများစေတဲ့ အကျိုးသက် ရောက် ဖြစ်နိုင်တယ်လို့ ပြန်ကြားရေး ဝန်ကြီးဟောင်း ဦးရဲထွဋ်က သုံးသပ်ပြပါတယ်။
"အဓိကကတော့ အထူးသဖြင့် ဗြိတိန်နိုင်ငံလိုမျိုး အမေရိကန်နိုင်ငံတို့မှာက ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ အစိုးရအနေနဲ့ တပ်မတော်ကို အပြည့်အဝ ထိန်းချုပ်နိုင်စွမ်းမရှိဘူး၊ တပ်မတော်ရဲ့ နိုင်ငံရေး ဆိုင်ရာ အခန်းကဏ္ဍကို အားနည်းသွားအောင် လုပ်ရမယ်ဆိုတဲ့ အယူအဆမျိုး သူတို့မှာ ရှိတာပေါ့ဗျာ၊ ရှိတဲ့ အတွက်ကြောင့်မို့ သူတို့က ဒီလိုမျိုးလုပ်တာပေါ့၊ တစ်ဖက်မှာလည်း တပ်မတော်က ဒီလိုမျိုးဖြစ်အောင်လို့များ NLD ပါတီနဲ့ NLD ခေါင်းဆောင်တွေက တစ်ဖက်လှည့်နဲ့ အမေရိကန်နဲ့ ဗြိတိန်နိုင်ငံတို့ကို တိုက်တွန်းနေ သလားဆိုတဲ့ သံသယဖြစ်မှုတွေ ပေါ်လာနိုင်တာပေါ့၊ ပြဿနာကိုပြေလည်စေမယ့်အစား အဓိက အင်အားစု နှစ်ခုကြားမှာ ပိုပြီးတော့မှ သံသယများစေတဲ့ အကျိုးသက်ရောက်မှု ဖြစ်လိမ့်မယ်လို့ ကျနော် မြင်တယ်"
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ICJ မှာ သွားရောက်ဖြေရှင်းချိန်ကလည်း ရခိုင်ပြည်နယ်မှာ မြန်မာ့တပ်မတော်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေရှိတယ်ဆိုတဲ့ အချက်ကို ပြတ်ပြတ်သားသား ငြင်းဆိုသွားတာ မရှိခဲ့ပါဘူး။
အနောက်နိုင်ငံတွေရဲ့ အရေးယူပိတ်ဆို့မှုတွေဟာ စစ်အစိုးရလက်ထက်တည်းက လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိတဲ့အတွက် အရေးယူမှုတွေ ပြုလုပ်လာတဲ့ဖြစ်ပြီး NLD အစိုးရလက်ထက်အထိ အရေးယူလာတာဟာ NLD ခေါင်းဆောင်တွေရဲ့ တိုက်တွန်းမှုတွေ ရှိနေသလားဆိုပြီး တပ်မတော်က သံသယ ရှိလာနိုင်တယ်လို့ ပြန်ကြားရေး ဝန်ကြီးဟောင်း ဦးရဲထွဋ်က ပြောပါတယ်။
အခုလို ကန့်သတ်လိုက်တာဟာ အနောက်နိုင်ငံတွေကလိုချင်တဲ့ အခြေအနေတစ်ခုကို ရမှာမဟုတ်ဘဲ တပ်မတော်၊ အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေအကြား လုပ်ဆောင်နေတဲ့ အမျိုးသားရင်ကြားစေ့ရေးကို ထိခိုက်လာ နိုင်တယ်လို့ ပြောပါတယ်။
EU နဲ့ UK က ပိတ်ဆို့အရေးယူလိုက်တဲ့သူတွေက ဒုတိယ ဗိုလ်ချုပ်ကြီး အောင်ကျော်ဇော၊ ဗိုလ်ချုပ်မောင် မောင်စိုး၊ ဗိုလ်ချုပ် ညီညီဆွေ၊ ဗိုလ်မှူးချုပ် အောင်အောင်၊ ဗိုလ်မှူးချုပ် ခင်လှိုင်၊ ရဲမှူးချုပ် သူရဆန်းလွင်၊ ဗိုလ်မှူးချုပ် သန်းဦး၊ ဗိုလ်မှူးချုပ် ခင်စိုး၊ ဗိုလ်မှူး အောင်မျိုးသူ၊ ဗိုလ်မှူးည သန့်ဇော်ဝင်း၊ တပ်ခွဲတပ်ကြပ်ကြီး ဘကျော်၊ တပ်ကြပ် ကျော်ချေ၊ ရဲအရာရှိ ထွန်းနိုင်၊ ရဲအရာရှိ သန့်ဇင်ဦး တို့ပါဝင်ပြီး ဒုတိယဗိုလ်ချုပ်ကြီး အောင်ကျော်ဇော် အပါအဝင် အရာရှိတချို့ဟာ အနားယူသွားကြပြီ ဖြစ်ပါတယ်။
EU နဲ့ UK တို့ရဲ့ ပိတ်ဆို့အရေးယူမှုတွေ လုပ်ဆောင်ခဲ့ပေမယ့် မြန်မာနိုင်ငံအပေါ် ထိခိုက်မှုတွေ ထင်သလောက် မရှိခဲ့ဘူးလို့ သနင်္ဂမဟာဗျူဟာ လေ့လာရေးအဖွဲ့ အမှုဆောင်ဒါရိုက်တာ ဦးနိုင်ဆွေဦးက ပြောပါတယ်။
"နှစ်ပေါင်းများစွာ ကျနော်တို့နိုင်ငံက ပိတ်ဆို့မှုတွေကို ဂရုမစိုက်ဘဲ နေလာခဲ့တာပဲဖြစ်ပါတယ်။ ဆိုတော့ ဒီနိုင်ငံကြီးတွေအနေနဲ့ ကျနော်တို့နိုင်ငံကို ယခင်က ဘာတွေလုပ်ပေးခဲ့သလဲဆိုတဲ့ မေးခွန်းထုတ်စရာရှိတယ်၊ များသောအားဖြင့် ကျနော်တို့ဘာမှ အကူအညီမရခဲ့တာပဲရှိတယ်၊ ပိတ်ဆို့အရေးယူတာတွေ လုပ်နေတာပဲ ဖြစ်တယ်၊ တိတိပပ ကျနော်တို့နိုင်ငံအပေါ် ထိခိုက်သွားတာတော့ မရှိဘူးခင်ဗျ"
မြန်မာ့တပ်မတော်အနေနဲ့ တိုင်းရင်းသားဒေသတွေမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျူးလွန်တဲ့အတွက် အခုလို သက်တမ်းတိုးအရေးယူလိုက်တာ ဖြစ်ပေမယ့် UK နဲ့ EU တို့ရဲ့ထုတ်ပြန်ချက်တွေမှာ ပါဝင်တဲ့ သူတွေ ဟာအငြိမ်းစားယူသွားတဲ့ အရာရှိတွေ ပါဝင်နေတဲ့အတွက် ထုတ်ပြန်ချက်ဟာ ပြုပြင်ထားတာ မရှိဘူးလို့ ပြောပါတယ်။
နိုင်ငံအနေနဲ့ ထိခိုက်မှုတစ်စုံတစ်ရာ မရှိပေမယ့် နိုင်ငံပုံရိပ်ကတော့ ထိခိုက်မှုရှိတယ်လို့ ပြောပါတယ်။တပ်မတော် အပေါ် အရေးယူပိတ်ဆို့ထားတာဟာ ကောင်းတယ်လို့ နော်ဝေနိုင်ငံမှာနေထိုင်နေတဲ့ နိုင်ငံတကာ ဥပဒေ ကျွမ်းကျင်သူ ရှေ့နေ ဦးမင်းလွင်ဦး ကပြောပါတယ်။
"တိုင်းရင်းသားနယ်မြေတွေမှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ဖြစ်တဲ့အခါ ပဋိက္ခဖြစ်တဲ့ အခါမှာ တပ်မတော်ကနေ လက်လွတ်စပယ်လုပ်ထားတဲ့ ကိစ္စရပ်တွေ တော်တော်များများ ရှိတယ်လေ၊ မုဒိမ်းကျင့်တာတို့၊ နောက်ပြီးတော့ ပေါ်တာခေါ်ပြီးတော့ ခိုင်းတာတို့၊ လက်နက်ကိုင်အဖွဲ့ အချင်းချင်း ဖြစ်တဲ့အခါမှာ အရပ်သားတွေထိခိုက်မှုရှိအောင် လုပ်တာတို့ စသဖြင့်ပေါ့ဗျာ၊ နောက်ပြီးတော့ စစ်ဘေးရှောင် စခန်းတွေမှာလည်း မေးမြန်းဆက်သွယ်တော့ ဆိုပြီးတော့ မတရားဖမ်းဆီးပြီးတော့ စစ်ဆေးမေးမြန်းတဲ့ ကိစ္စရပ်တွေ ဒါတွေအတွက်တော့ ဒီလိုမျိုးလုပ်ထားတော့ ကျနော်ကတော့ ကောင်းတယ်လို့ မြင်ပါတယ်၊ အရေးယူ ပိတ်ဆို့မှုတွေက ကျနော်တို့အရင် စစ်အစိုးရလက်ထက်က ပိတ်ဆို့တာတောင်မှ ဒီကောင်တွေ မဖြုံမှ မဖြုံပဲ"
မြန်မာနိုင်ငံရဲတပ်ဖွဲ့ဟာလည်း ဖမ်းဆီးထားတဲ့ အကျဉ်းသားတွေကို နှိပ်စက်ညှဉ်းပန်းမှုတွေရှိတဲ့အတွက် အခုလို ပိတ်ဆို့အရေးယူထားဖြစ်နိုင်တယ်လို့ ပြောပါတယ်။
နိုင်ငံတကာရဲ့ အရေးယူပိတ်ဆို့မှုတွေကို ထိရောက်ဖို့အတွက် အစိုးရအနေနဲ့လည်း လူ့အခွင့်အရေး ချိုးဖောက် မှုတွေ ကျူးလွန်တဲ့ တပ်မတော်ကို အကာအကွယ်မပေးဖို့လိုတယ်လို့ Fortify Right အဖွဲ့က ကိုနစ်ကီဒိုင်းမွန်းက ပြောပါတယ်။
"လက်ရှိအစိုးရကိုလည်း ကျနော်တို့က ပြန်ပြီးတော့ မေးခွန်းထုတ်ရမှာက တကယ်ရော လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ဆန့်ကျင်တဲ့ မလိုလားတဲ့ အစိုးရမျိုးရော ဟုတ်ရဲ့လား၊ စစ်တပ်ကို အားပေးပြီးတော့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အားပေးပြီး စစ်တပ်နဲ့ ရင်းကြားစေ့ရေး လုပ်ပြီးတော့ စစ်တပ်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို မျက်စိမှိတ်ထားမယ့် အစိုးရမျိုးလားပေါ့နော်၊ အစိုးရပေါ်မှာလည်း အများကြီး မူတည်တယ် စစ်တပ်ကို အကာအကွယ်ပေးနေမယ် ဆိုလို့ရှိရင်တော့ နိုင်ငံတကာဖိအားတွေက ထိရောက်မှာတော့ မဟုတ်ဘူး၊ အတိုင်းအတာတစ်ခုထိ ထိရောက်ပေမယ့် အကုန်လုံးကြီးတော့ ထိရောက်မယ် လို့ မမြင်ဘူးပေါ့"
ဗြိတိန် အနေနဲ့ ဒီလိုပိတ်ဆို့လိုက်တဲ့သူတွေဟာ အနားယူတဲ့သူတွေ ပါဝင်တဲ့အတွက် ဗြိတိန်အနေနဲ့ မြန်မာနိုင်ငံက လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စိုးရိမ်တယ် ဆိုတယ်ဆိုတာမျိုးကို ပြချင်ယုံလောက်ပဲ ဖြစ်မယ်လို့ တကောင်း နိုင်ငံရေး လေ့လာရေးမှုအဖွဲ့က အမှုဆောင်ဒါရိုက်တာ ကိုရဲမျိုးဟိန်းက ပြောပါတယ်။
"ရခိုင်မှာ ဖြစ်နေတဲ့ကိစ္စကို အခြေခံတယ် ပြီးတဲ့အခါကျတော့ သူတို့လည်း ကြေညာထားပါတယ်၊ ကချင်နဲ့ ရှမ်းပြည်နယ်မှာဖြစ်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီးတော့ အရေးယူဆောင်ရွက်တယ် ဆိုတဲ့ဟာကို ဆက်လုပ်တယ်ပေါ့ အဲတော့ ဒီပြဿနာတွေ မရှင်းရသေးတဲ့အတွက် သူတို့ဘက်ကတော့ ဒါမျိုးအရေးယူ ဆောင်ရွက်ဆိုတဲ့ကိစ္စကို ပြန်ပြီးသက်တမ်းတိုးတယ်ဆိုတဲ့ သဘောမျိုး ကျနော်ကတော့ အဲလိုမြင်ပါတယ်ဗျ၊ အနောက်နိုင်ငံအနေနဲ့ အထူးသဖြင့် ဗြိတိန်အနေနဲ့ ဒါနဲ့ပတ်သက်ပြီးတော့ စိုးရိမ်တယ်၊ ဒါနဲ့ပတ်သက်ပြီးတော့ သူတို့အနေနဲ့ စောင့်ကြည့်နေတယ်ဆိုတဲ့ သဘောမျိုးကိုပဲ ပြောပြချင်တဲ့ ပုံစံပေါ့၊ ထိရောက်မှုကတော့ ကျနော်ထင်တယ် သိပ်ပြီးတော့ မရှိနိုင်ဘူးလို့ မြင်ပါတယ်ဗျ"
EU အရေးယူမှုထဲမှာ တပ်မတော်နဲ့ ရဲတပ်ဖွဲ့တို့မှာ အသုံးပြုနိုင်တဲ့ လက်နက်ပစ္စည်း ပိတ်ဆို့မှု၊ စစ်ဘက်ဆိုင်ရာ သင်တန်းနဲ့ ပူးပေါင်းဆောင်ရွက်တာတွေ တားမြစ်မှုတို့ ပါဝင်ပါတယ်။
အဲဒီ ပိတ်ဆို့မှုအရ ကချင်၊ ရခိုင်နဲ့ ရှမ်းပြည်နယ်တို့မှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို တုံ့ပြန်အရေးယူတဲ့ အနေနဲ့ အရာရှိ ၁၄ ဦးကို ခရီးသွားလာခွင့် ကန့်သတ်လိုက်ပြီး သူတို့ရဲ့ ပိုင်ဆိုင်ခွင့်တွေကို ထိန်းချုပ်ထားတယ်ဆိုတဲ့ အချက်တွေ ပါဝင်ပါတယ်။