ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ထံ အသနားခံစာတင်မည်
2011.10.03

AFP
ဒီမေတ္တာရပ်ခံစာကို ဆွတ်ဇာလန် နိုင်ငံ ဇူးရစ်မြို့ အခြေစိုက် ဖီဖာရုံးချုပ်ကို အခု ရက်ပိုင်းအတွင်း ပေးပို့မှာ ဖြစ်ကြောင်း ဦးဇော်ဇော်က ပြောပါတယ်။
၃ ရက်အတွင်း အပြီးလုပ်ရမယ်လို့ စည်းကမ်း ထိန်းသိမ်းရေး ကော်မတီက လာတဲ့စာမှာ ပါရှိကြောင်း၊ လုပ်ဆောင်မယ့် အကြောင်း မိမိတို့က အကြောင်း ပြန်ကြားပြီး ဖြစ်ကြောင်း၊ ဥပဒေဆိုင်ရာ ကျွမ်းကျင်သူများနဲ့ ရေးသားနေပြီး အချိန်မှီ တင်သွင်းမှာ ဖြစ်ကြောင်း ဦးဇော်ဇော်က ပြောပါတယ်။
မြန်မာဘောလုံး အသင်းဟာ အိုမန်အသင်းနဲ့ ၂၀၁၄ ခုနှစ် ကမ္ဘာ့ဖလား ခြေစစ်ပွဲအတွက် ရန်ကုန် သုဝဏ္ဏကွင်းမှာ ပြီးခဲ့တဲ့ ဇူလိုင်လ အတွင်း ယှဉ်ပြိုင်ခဲ့တဲ့ ပွဲစဉ်မှာ ပရိသတ်ရဲ့ စည်းကမ်းမဲ့ အားပေးမှုကြောင့် ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ်ရဲ့ အရေးယူမှု ခံခဲ့ရပါတယ်။
အဲဒီပွဲမှာ မြန်မာဘောလုံးပွဲကြည့် ပရိသတ်က ဖိနပ်၊ ရေသန့်ဘူး၊ စူးချွန်၊ ခဲ စတာတွေနဲ့ အိုမန် ဘောလုံးသမားတွေကို အကြမ်းဖက် ပစ်ပေါက်ခဲ့ကြတဲ့ အတွက် ဒဏ်ရာ အနာတရ ရှိခဲ့ပြီး၊ ထိန်းမနိုင် သိမ်းမရနဲ့ ပွဲပျက်သွားခဲ့ပါတယ်။
အဲဒီနောက် ဖီဖာ စည်းကမ်း ထိန်းသိမ်းရေး ကော်မတီက မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်ကို အမေရိကန်ဒေါ်လာ ၃ သောင်းခန့်နဲ့ ညီမျှတဲ့ ဆွစ်ဖရန့်ငွေ နှစ်သောင်းခွဲ ဒဏ်တပ်ခဲ့တဲ့ အပြင် ၂၀၁၈ ခုနှစ် ကမ္ဘာ့ဖလား ခြေစစ်ပွဲမှာ မြန်မာအသင်းကို ပါဝင် ယှဉ်ပြိုင်ခွင့် ပိတ်ပင်လိုက်ကြောင်း ကြေညာခဲ့ပါတယ်။
ဖီဖာကို အယူခံတင်သွင်းမယ့် အခြေအနေတွေနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် ဥက္ကဌ ဦးဇော်ဇော်ကို RFA အဖွဲ့သား ကိုကျော်ကျော်အောင်က ဆက်သွယ် မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
![]() |
ဆက်သွယ်မေးမြန်းချက်။ |
![]() |
အသံဖိုင်ယူရန်။ |