သစ်တောအရာရှိ ၄ ဦး သတ်ဖြတ်ခံရ
2014.12.30
ရှမ်းပြည်နယ် လင်းခေးမြို့နယ် ဝမ်ဆလောင်းကျေးရွာနားမှာ အမည်မသိ လက်နက်ကိုင်တပ်ဖွဲ့ရဲ့ ပစ်ခတ်မှုကြောင့် အစိုးရသစ်တောအရာရှိ ၄ ဦးသေဆုံးသွားကြောင်း သစ်တောဦးစီးဌာနက ဒီနေ့သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
နေပြည်တော် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ သစ်တောရေးရာဝန်ကြီးဌာနရုံးမှာ ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲမှာ သစ်တောဦးစီးဌာနရုံး ညွှန်ကြားရေးမှူး ဦးဇော်မင်းက ဘယ်လက်နက်ကိုင် အဖွဲ့အစည်းလဲဆိုတာ အသေအချာမပြောနိုင်သေးကြောင်း ပြောပါတယ်။
"တရားမဝင်သစ်နဲ့ ပတ်သက်ပြီး လက်နက်ကိုင်အဖွဲ့အစည်းတွေ ဝင်ရောက်ဆောင်ရွက်နေမှုကို ကျနော်တို့ အထောက်အထားတွေနဲ့ ပြုစုပြီးတော့ တင်ပြထားခြင်းဖြစ်ပါတယ်၊ လူကြီးတွေအပိုင်းက ညှိနှိုင်းဆောင်ရွက်သွား ဖို့ဖြစ်ပါတယ်၊ ကျနော်တို့ကကျတော့ လက်နက်ကိုင် အဖွဲ့အစည်းမဟုတ်ဘူး၊ လက်နက်ကိုင်တွေရဲ့ သတင်းကို စုံစမ်းထောက်လှမ်းဖော်ထုတ်ဖို့ ကျနော်တို့မှာ လုပ်နိုင်ကိုင်နိုင်တဲ့ အနေအထားမရှိဘူး၊ မရှိတဲ့အခါ ကျတော့ မောင်ဖြူ၊ မောင်ဝါ၊ မောင်နီက ပစ်ပါတယ်လို့ ကျနော်တို့က ပိုင်ပိုင်နိုင်နိုင်အထောက်အထားနဲ့ မပြောနိုင်သရွေ့ စွပ်စွဲရတာ ကျနော်တို့မှာ အခက်အခဲအများကြီးရှိပါတယ်"
ဒီဇင်ဘာလ ၂၇ ရက်နေ့က လင်းခေးခရိုင် သစ်တောဦးစီးမှူးအပါအဝင် အရာရှိ ၆ ဦးဟာ ဝမ်ဆလောင်းကျေးရွာမှာ သစ်မှောင်ခိုထုတ်လုပ်နေတာတွေကို သွားရောက်စစ်ဆေးခဲ့ရာ ပိတောက်သစ်လုံး တန် ၂၀၀ ကျော်ကို ဖမ်းဆီးရမိ ခဲ့ပြီး အဲဒီသစ်တွေကို သယ်ဆောင်ဖို့ အပြန်လမ်းမှာ လက်နက်ကိုင်တပ်ဖွဲ့ရဲ့ ပစ်ခတ်တာကို ခံလိုက်ရပြီး သေဆုံးခဲ့ တာဖြစ်ပါတယ်။ သွားရောက်စစ်ဆေးတဲ့ အရာရှိ ၆ ဦးမှာ ၂ ဦးက ထွက်ပြေးလွတ်မြောက်ခဲ့ပြီး ၄ ဦး သေဆုံးခဲ့ တာဖြစ်ပါတယ်။
အဲဒီနယ်မြေဟာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA တပ်တွေ လှုပ်ရှားသွားလာနေတဲ့ နယ်မြေဖြစ် တယ်လို့ သတင်းမီဒီယာတွေမှာ ရေးသားနေပါတယ်။
ဒါနဲ့ပတ်သက်ပြီး RCSS/SSA အတွင်းရေးမှူး ဗိုလ်မှူးကြီးစိုင်းလက အဲဒီနယ်မြေမှာ မိမိတို့တစ်ဖွဲ့တည်းရှိတာ မဟုတ်ဘဲ ပြည်သူ့စစ်တွေလည်းရှိကြောင်း ပြောပါတယ်။
"ကျနော်တို့ လင်းခေးဒေသမှာ လှုပ်ရှားတပ်တွေရှိပါတယ်၊ လက်နက်ကိုင်တပ်ဖွဲ့တွေဆိုရင် ကျနော်တို့တပ်ဖွဲ့ တစ်ဖွဲ့တည်းရှိတာ မဟုတ်ပါဘူး၊ အစိုးရလက်အောက်ခံ ဌာနေပြည်သူ့စစ်တွေလည်း လှုပ်ရှားနေတဲ့နေရာတွေ ရှိပါတယ်၊ ပြည်သူ့စစ် ၃၊ ၄ ဖွဲ့ လှုပ်ရှားသွားလာတဲ့ နေရာလည်းဖြစ်ပါတယ်၊ အစိုးရကလည်း တရားဝင်စွပ်စွဲ ထားတာမရှိပါဘူး၊ ပြဿနာတစုံတရာ ပေါ်ပေါက်လာပြီဆိုရင်တော့ တရားဝင်အနေနဲ့ အကြောင်းကြားစာပို့ဖို့ပါပဲ ခင်ဗျာ၊ အခုထက်ထိတော့ တရားဝင်အကြောင်းကြားစာ မသိရှိရသေးပါဘူး"
အဲဒီသစ်တောအရာရှိ ၄ ဦး အသတ်ခံရမှုကို လင်းခေးခရိုင်ရဲတပ်ဖဲ့ွရုံးမှာ ပုဒ်မ ၃၀၂ နဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။