မြန်မာ့ သဘာဝတောတွေ ၂ဝ၄ဝ မှာ ပျောက်ဆုံးတော့မယ်လို့ ခန့်မှန်း


2018.06.21
logging-622.jpg ခုတ်ယူထားတဲ့ သစ်လုံးတွေကို တွေ့ရစဉ်
Photo: RFA

မြန်မာအပါအဝင် ကမ္ဘာ့ ၈ နိုင်ငံက အမြဲစိမ်းသဘာဝသစ်တောတွေဟာ ၂ဝ၁၄ ကနေ ၂ဝ၁၆- နှစ်နှစ်တာ ကာလအတွင်း တနှစ်ကို သြစတြေလျနိုင်ငံရဲ့ အကျယ်အဝန်းပမာဏနှုန်းအတိုင်း ပျက်စီးပျောက်ဆုံးနေရကြောင်း သိပ္ပံပညာရှင်တွေက ဒီနေ့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် UNDP နဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းလေ့လာရေး အဖွဲ့အစည်း ၅ ခု ပူးတွဲလုပ်ဆောင်နေတဲ့ “ရာသီဥတုအတွက် သဘာဝပတ်ဝန်းကျင်” လို့ တိုက်ရိုက်အမည်ရတဲ့ Nature4Climate စီမံကိန်း သုတေသနပြုလုပ်ရာမှာ... ကမ္ဘာကြီးပူနွေးလာတာကိုဖြစ်စေတဲ့ ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်တာ သက်သာစေဖို့ မြေကို အကျိုးရှိရှိအသုံးချနိုင်ရေး လေ့လာချက်တွေမှာ အခုလို သစ်တောပြုန်းတီးမှု မြန်ဆန်တာကို တွေ့ရှိခဲ့တာဖြစ်ပါတယ်။

ဒီတွေ့ရှိချက်တွေအရ လက်ရှိနှုန်းအတိုင်း ဆက်သွားမယ်ဆိုရင် ၂ဝ၃ဝ မှာ ပါရာဂွေး၊ လာအိုနဲ့ ဂီနီနိုင်ငံတွေက အမြဲစိမ်းသစ်တောတွေ ပျောက်ဆုံးတော့မှာဖြစ်ပြီး ၂ဝ၄ဝ မှာ ဗဟိုအာဖရိကသမ္မတနိုင်ငံ၊ နီကာရာဂွာ၊ မြန်မာ၊ ကမ္ဘောဒီးယားနဲ့ အင်ဂိုလာနိုင်ငံတွေက သဘာဝတောတွေ ပျောက်ဆုံးတော့မှာဖြစ်တယ်လို့ ခန့်မှန်းထားပါတယ်။

ကမ္ဘာပေါ်မှာ တောရိုင်းတွေ ပျက်စီးဆုံးရှုံးလာတာဟာ တကမ္ဘာလုံးနဲ့ဆိုင်တဲ့ကပ်သင့်တာ ဖြစ်ကြောင်း၊ ဒါဟာ မရှိမဖြစ် အရေးကြီးတဲ့ ရာသီဥတုတည်ငြိမ်ရေး အခြေခံတွေကို စနစ်တကျဖျက်ဆီးနေတာဖြစ်ကြောင်း ကမ္ဘာ့ သဘာဝအရင်းအမြစ်များလေ့လာရေးသိပ္ပံ WRI အဖွဲ့က အကြီးတန်းပညာရှင် ဖရန့်ဆက်ဆေမွှားက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။