USDP ပါတီဗဟိုကော်မတီ အစည်းအဝေးခေါ်ပေး ဖို့ တောင်းဆို


2016.04.29
zawmyintpe-620.jpeg ကြံခိုင်ဖွံ့ဖြိုးရေးပါတီကနေ ထုတ်ပယ်ခံထားရတဲ့ ဗဟိုကော်မတီဝင်ဟောင်း ဦးဇော်မြင့်ဖေ ကို တွေ့ရစဉ်
Photo: Myo Thant Khaing/RFA

ပြည်ထောင်စု ကြံခိုင်ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီ အရေးပေါ်အစည်းအဝေးကို လာမယ့် မေလ ကုန်ပိုင်းလောက် ခေါ်ယူပေးဖို့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင် ၁၃၆ ဦးက လက်မှတ်ရေးထိုးပြီး ပါတီဥက္ကဌ ဦးသိန်းစိန်ထံ တောင်းဆိုလိုက်ပါတယ်။

ကြံခိုင်ဖွံ့ဖြိုးရေးပါတီရဲ့ ဗဟိုကော်မတီအစည်းအဝေးကို ၂၀၁၂ ခုနှစ်က စတင်ပြီး တစ်နှစ်တစ်ကြိမ် ပုံမှန်ကျင်းပပေမယ့် ဒီနှစ်မှာကျင်းပမယ့် အခြေအနေမရှိတာကြောင့် အခုလိုတောင်းဆိုရတာ ဖြစ်တယ်လို့ ပါတီကနေ ထုတ်ပယ်ခံထားရတဲ့ ဗဟိုကော်မတီဝင်ဟောင်း ဦးဇော်မြင့်ဖေက ပြောပါတယ်။

“နှစ်စဉ်ကျင်းပတာ အခု စတုတ္ထအကြိမ်အထိလုပ်ပြီးပြီ ဒါကပုံမှန်ကျင်းပသွားတာကိုး၊ အခုဟာက ဗဟိုကော်မတီအစည်းဝေးကို ခေါ်မှာမဟုတ်ဘူးလေ၊ ဘာဖြစ်လို့လဲဆိုရင် လက်ရှိဗဟိုကော်မတီ က ရွေးထားတဲ့လူတွေနဲ့ မလုပ်ချင်လို့နေမှာပေါ့၊ ကော်မတီအသစ်တင်ချင်လို့နေမှာပေါ့၊ အခုကျနော်တို့ကို အနားပေးတယ်ဆိုတဲ့စာကလွဲလို့ သူတို့ပါတီအဖွဲ့အစည်းက ဘာမှဆက်သွယ်မှု မလုပ်ဘူး၊ အဲ့ဒါကြောင့် ပါတီနဲ့ ပတ်သက်ပြီး ဘာမှမသိဘူးဖြစ်နေတယ်၊ အမှောင်ထဲလမ်းလျှောက်ရတဲ့ လူလိုဖြစ်နေတဲ့အတွက် ပါတီဝင်တစ်ယောက်ရဲ့ ရပိုင်ခွင့်အရ အဘတို့ကတောင်းဆိုတာပါ”

ကြံခိုင်ဖွံ့ဖြိုးရေးပါတီရဲ့ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းအရ ပါတီဗဟိုကော်မတီဝင် တစ်ဝက်ကျော်က ဗဟိုကော်မတီအစည်းအဝေး ကျင်းပပေးဖို့ တောင်းဆိုမယ်ဆိုရင် ကျင်းပနိုင်တယ်လို့ သတ်မှတ်ထားပါတယ်။

ပါတီဥက္ကဌ ဦးသိန်းစိန်ထံ စာပေးပို့တောင်းဆိုတဲ့အထဲမှာ မကြာသေးခင်ရက်ပိုင်းက ပါတီကနေ ထုတ်ပယ်ခံထားရတဲ့ သူရဦးရွှေမန်း၊ ဦးဇော်မြင့်ဖေ၊ သူရဦးအောင်ကို၊ ဦးမောင်မောင်သိမ်း စတဲ့ ပုဂ္ဂိုလ် ၁၇ ဦးစလုံး ပါဝင်ပါတယ်။

ဒါ့အပြင် လက်ရှိကြံခိုင်ဖွံ့ဖြိုးရေးပါတီရဲ့ ဒုတိယဥက္ကဌ ဦးဌေးဦး၊ ဗဟိုကော်မတီဝင်တွေဖြစ်တဲ့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနဝန်ကြီး ဦးသိန်းဆွေ၊ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဌ ဦးတီခွန်မြတ်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးလှဆွေ စတဲ့ပုဂ္ဂိုလ်တွေ လည်း ပါဝင်ပါတယ်။

ကြံခိုင်ဖွံ့ဖြိုးရေးပါတီမှာ ဗဟိုကော်မတီဝင် ၂၁၉ ဦးရှိပြီး လက်မှတ်ရေးထိုးတောင်းဆိုသူ ၁၃၆ ဦးရှိတာ ဖြစ်ပါတယ်။

ကြံခိုင်ဖွံ့ဖြိုးရေးပါတီရဲ့ ဗဟိုကော်မတီအစည်းအဝေးကို ၂၀၁၅ ခုနှစ်မေလ ၃၀ ရက်နေ့က နောက်ဆုံးအကြိမ် ကျင်းပခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။