တရုတ် မြန်မာနယ်စပ်က ကျင်စန်းကျော့ဂိတ်ကို တပ်မတော် တာဝန်ရှိသူတွေပိတ်
2018.12.27

ကားတစ်စီးကို ကုန်ချိန် ၃ တန်လောက်အထိ ဆုံးရှုံးနေရပြီလို့ မူဆယ် သစ်သီးဝလံကုန်စည်ဒိုင် ဥက္ကဋ္ဌ ဦးစိုင်းမြင့်ဗိုလ် က ပြောပါတယ်။
‘’လောလောဆယ်ကတော့ ဆုံးရှုံးမှုကြီးကြီးမားမားဖြစ်နေပြီပေါ့ဗျာ၊ ပိတ်ထားလိုက်တဲ့အတွက် သွားစရာလမ်း လည်း မရှိတော့ဘူးလေ၊ ကြူကုတ်ပန်ဆိုင်းလည်း သွားလို့မရဘူး၊ အခုလောလောဆယ်ကိုပဲ ကားတစ်စီးကို ၃ တန်လောက် ဆုံးရှုံးမှုရှိနေပြီ၊ ကားအစီး ၄၀၀ ဆို တန်ချိန် ၁၂၀၀ လုံးဝ အနည်းဆုံးပယ် သီးဖြစ်သွားပြီ၊ အခုပိတ်မိနေတာက အစီး တစ်ထောင်ကျော်သွားပြီဗျ၊ ၁၀၅ မိုင်ဝင်းထဲမှာ အခုလောလောဆယ် အစီး ၇၀၀ ၈၀၀ လောက်ရှိနေပြီ၊ လမ်းပေါ်မှာ ကျင်ဆန်းကျော့နဲ့ ၁၀၅ မိုင်ကြားမှာဆို အစီး ၅၀၀ လောက်ရှိတယ် ၁၀၅ မိုင်နဲ့ မြန်မာပြည်အရပ်ရပ်က မပါသေးဘူး၊ အေးဗျာ ကိုယ့်မြန်မာဘက်က ပိတ်တာဆိုတော့လည်း ဒီအပေါက်ကလည်း မြန်မာပို့ကုန်သစ်သီး၊ ရေခဲငါး၊ ငါးရှဉ့်၊ ဂဏန်းတွေက ဒီအပေါက်ကသွားတာ၊ သွင်းကုန်မရှိဘူး ဒီအပေါက်က ပို့ကုန်ပဲရှိတာ၊ ကျနော်တို့ ကိုယ့်မြန်မာနိုင်ငံပဲနာတော့ဗျာ’’
တရုတ်နိုင်ငံဘက်က ကုန်ကားတွေကို စိစစ်ရမယ့်ဝန်ထမ်းဦးရေ မလုံလောက်တဲ့အတွက် မနိုင်မနင်းဖြစ်နေရတယ် လို့လည်း ကုန်သည်တွေရဲ့ ပြောကြားချက်အရ သိရပါတယ်။
မူဆယ်ကို တစ်ရက်ကုန်ကားစီးရေ ၄၀၀ ကျော်လောက်ထိ နေ့စဉ်ဝင်နေပေမယ့်လည်း တရုတ်ဘက် ကျင်ဆန်းကျော့ ဂိတ်က ကုန်ကားစီးရေ ၃၀၀ လောက်သာ လက်ခံတယ်လို့ဆိုတဲ့အတွက် စောင့်နေရတဲ့ ကုန်ကားစီးရေက မူဆယ်ဘက်မှာ ထောင်နဲ့ချီဖြစ်နေရလို့ မမျှတတဲ့အခြေအနေမှာ ဖြစ်နေတယ်လို့ ပြောပါတယ်။
ဖရဲသီးတစ်တန်ကို တရုတ်ဖက်က ယွမ်ငွေ ၁၇၀၀ နဲ့ ၁၈၀၀ ကြား ဈေးပေါက်နေပေမယ့်လည်း အသီး အနာအဆာ ပါရင်လည်း သူတို့ဘက်က ပယ်သီးတွေအဖြစ် လက်မခံကြလို့ နစ်နာတာတွေရှိတ်လို့ သစ်သီးကုန်သည် တစ်ဦးဖြစ်တဲ့ ဦးမြင့်စိုးက ပြောပါတယ်။
‘’ဖရဲသီးတစ်တန် မနေ့ကပြောတာတော့ ၁၇၀၀၊ ၁၈၀၀ အဲဒီပတ်ဝန်းကျင်ပါပဲ၊ တစ်တန်ကို ယွမ် ၊ မြန်မာငွေနဲ့ဆို ၃ သိန်းကျော် ၄ သိန်းပတ်ဝန်းကျင်လောက်ပေါ့ ၊ သွားရေးလာရေးအဆင်ပြေချောမွေ့ စေဖို့ ဟိုဖက်ဒီဖက် အာမခံ ချက်လေးရှိအောင်လို့ ၊ ဖြစ်နိုင်ရင်တော့ ကိုယ့်ဝင်းထဲမှာပဲ ကိုယ်ချိန်းရင် ပို ကောင်းတာပေါ့ဗျာ၊ ကိုယ့်နိုင်ငံမှာပဲ ချိန်းလိုက် သူတို့ဖာသာ ဘယ်လိုပဲသယ်သယ်ပေါ့ဗျာ၊ အခုက ကျနော်တို့က ဖရဲသမားတွေက ရောင်းသာရောင်း လိုက်တယ် ကားမချိန်းမချင်းက စိတ်မချမ်းသာသေးဘူး၊ ဖရဲသီးဘယ်လိုဖြစ်မယ် ပိုက်ဆံဘယ်လိုအဖြတ်ခံရမယ် အဲဒါပဲစဉ်းစားနေရတာ၊ သူတို့ဘက်က ချိန်းပြီးပြီဆိုမှ အော် ငါက ဒီလောက်ပဲရတာလားဆိုပြီးတော့ ဖြစ်ကုန်တာလေ’’
ကုန်သည်တွေကတော့ မူဆယ်ဘက်မှာတင်ပဲ အသီးတွေကို ချိန်းပြီးလုပ်မယ်ဆိုရင် အဆင်ပြေမယ်လို့ ကုန်သည်တွေက ပြောပါတယ်။
ခုလိုမူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်မှာ သစ်သီးဝလံကုန်ကားကြီးတွေ ပိတ်မိနေရတဲ့အကြောင်းကို စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူတွေဆီ RFA က ဆက်သွယ်မေးမြန်းဖို့ ကြိုးပမ်းခဲ့ပေမယ့်လည်း ဆက်သွယ်လို့ မရခဲ့ပါဘူးခင်ဗျာ။
ဒီသတင်းကို RFA သတင်းထောက် ကိုကံသာနဲ့ ကိုကျော်သူ ပေးပို့တာပါ။