အစိုးရတပ်မတော်နဲ့ TNLA နမ့်ဆန်မှာ တိုက်ပွဲပြင်းထန်
2016.10.31

ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်မြို့နယ်မှာ အစိုးရတပ်မတော်နဲ့ TNLA တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော်တို့ မနေ့ကစပြီး တိုက်ပွဲတွေပြင်းထန်နေပါတယ်။
မနေ့ညကစပြီး လက်နက်ကြီးသံတွေ ဆက်တိုက်ကြားနေရတာ ဒီနေ့ မနက်ပိုင်းအထိပဲလို့ နမ့်ဆန်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဥက္ကဌ ဦးမိုင်းရဲကျော်သူ က ပြောပါတယ်။
''လက်နက်ကြီးသံတွေ ကြားရတယ်၊ တရစပ်ပဲ အဆက်မပြတ်ပဲကြားရတယ်၊ တိုက်ပွဲတော်တော်ပြင်းထန်မယ့် သဘောတော့ရှိမယ်ထင်တယ်၊ တဖက်ကလည်း အဲ့မှာလှုပ်ရှားနေတယ်၊ တဖက်ကလည်း တက်လာတယ် ဆိုတော့ ဒါ အနေအထားက နှစ်ဖက်ထိပ်တိုက်တွေ့မယ့်သဘောရှိတယ်''
နမ့်ဆန်မြို့နယ် မန်မိုင်ကျေးရွာနဲ့ မုန်းကောင်းကျေးရွာဖက်မှာ တိုက်ပွဲတွေ ဖြစ်ပွားနေတာဖြစ်တယ်လို့ ပြောပါ တယ်။ တိုက်ပွဲဖြစ်ပွားချိန်ကစပြီး နမ့်ဆန်မြို့နယ် တစ်ဝိုက်မှာ မိုးတွေလည်း အတော်ကြီး နေခဲ့ပါတယ်။
TNLA တပ်မဟာ ၂ နယ်မြေ၊ နမ့်ဆန်မြို့နယ်နဲ့ မိုးမိတ်မြို့နယ် တို့မှာ ပြီးခဲ့တဲ့အောက်တိုဘာလ ၂၉ရက်နေ့ကစပြီး TNLA နဲ့ အစိုးရတပ်မတော်တို့ တိုက်ပွဲဖြစ်ပွားနေတာဖြစ်ပြီး နမ့်ဆန်မြို့နယ်၊ ဟူးမန်းကျေးရွာအတွင်း တပ်မတော်က ပစ်တဲ့ လက်နက်ကြီး ကျရောက်ခဲ့တဲ့အတွက် ကျေးရွာသား နှစ်ဦး ထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ TNLA က သတင်းထုတ်ပြန်ထားပါတယ်။