အစိုးရက ကချင်နဲ့ ဆွေးနွေးဖို့ ဖွဲ့စည်း

အစိုးရနဲ့ ကချင်လွတ်မြောက်ရေး အဖွဲ့တို့ ဖြစ်ပွားနေတဲ့ တိုက်ပွဲများ ရပ်ဆိုင်းရေး အတွက် စေ့စပ် ဆွေးနွေးဖို့ မနေ့က ကချင်ပြည်နယ် ဝန်ကြီးချုပ်က အဖွဲ့ဝင် ငါးဦးပါ အဖွဲ့ကို ဖွဲ့စည်း လိုက်ကြောင်း သိရှိရပါတယ်။

2011.06.28
kachin_refugees_laiza1_305_z.jpg ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ၂ဝ၁၁ ခုနှစ် ဇွန်လအတွင်း တရုတ်-မြန်မာနယ်စပ် လိုင်ဇာမြို့ကို ဝင်ရောက် ခိုလှုံလာသော မြန်မာနိုင်ငံသား တချို့ကို တွေ့ရပုံ။
RFA

ဒီအဖွဲ့ကို ပြည်သူ့ကိုယ်စား ပြည်နယ် အဆင့် ငြိမ်းချမ်းရေး ကြားဝင် စေ့စပ်ရေးအဖွဲ့လို့ အမည်ပေး ထားပါတယ်။ အဖွဲ့မှာ ပါဝင်တဲ့ ပုဂ္ဂိုလ်များနဲ့ ပတ်သက်ပြီး အဖွဲ့ဝင် တဦးဖြစ်တဲ့ ကချင်အမျိုးသား အတိုင်ပင်ခံ အဖွဲ့ ဥက္ကဌ ဦးဆင်ဝါးနော်က အခုလိုပြောပါတယ်။

"ကချင်အတိုင်ပင်ခံက တယောက်ဖြစ်တဲ့ ကျနော် ဦးဆင်ဝါးနော် ပါတယ်။ အမျိုးသားလွှတ်တော်က ဦးချက်ထိန်နန်၊ နယ်ခြား ဖွံ့ဖြိုးရေးနဲ့ လုံခြုံရေး တာဝန်ခံ အစိုးရအဖွဲ့ထဲက ဗိုလ်မှူးကြီး သန်းအောင်၊ စရန က ဗိုလ်မှူး နိုင်လင်း၊ နပခ တိုင်းအဆင့်က ဗိုလ်မှူးကြီး ထွန်းထွန်းအုန်း၊ ကျနော်တို့ ၅ ယောက်ကို ကချင်ပြည်နယ် ဝန်ကြီးချုပ်က ခေါ်ပြီး ဖွဲ့လိုက်တာပါ။"

ဒီအဖွဲ့ဟာ ဆက်သွယ်ရေးဝန်ကြီးဟောင်း ဦးသိန်းဇော်နဲ့ ညိုနှိုင်းပြီး လုပ်ငန်းများကို အကောင်အထည် ဖေါ်မှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒီအဖွဲ့ ဖွဲ့စည်းလိုက်တာနဲ့ ပတ်သက်ပြီး KIO ကတော့ သူတို့ထံ တရားဝင် ဆက်သွယ် အကြောင်းကြားတာ မရှိသေးဘူးလို့ ပြောပါတယ်။ KIO အဖွဲ့ တွဲဘက် အတွင်းရေးမှူး ဦးလနန်းက အခုလိုပြောပါတယ်။

"သူတို့ ဘာရည်ရွယ်ပြီး ဖွဲ့တယ်ဆိုတာ ကျနော်တို့ ကောင်းကောင်း မသိသေးဘူး။ ဒါပေမဲ့ သူက အပစ်အခတ် ရပ်ဆိုင်းရေး အဆင့်ကို လုပ်ဖို့အတွက် ဆိုရင်တော့ ကျနော်တို့ သိမှာပါ။ သူတို့ ဘာရည်ရွယ်ချက်ရှိတယ် ဘာတွေ ပြောမယ်ဆိုတာကို အရင် နားထောင်ရမှာပါ။ သိပြီးတော့မှ ကျနော်တို့ ဘာလုပ်မယ်ဆိုတာကို တဆင့် တက်မှာပါ။"

ပြီးခဲ့တဲ့ ဇွန်လ ၁၃ရက်နေ့က ပထမဆုံး အကြိမ်အဖြစ် ဦးသိန်းဇော်က ကချင် အမျိုးသား အတိုင်ပင်ခံ အဖွဲ့ဥက္ကဌ ဦးဆင်ဝါးနော် အပါအဝင် အတိုင်ပင်ခံ အဖွဲ့ဝင်လေးဦးကို KIO အဖွဲ့ထံ စေလွတ်ခဲ့ တာဖြစ်ပြီး၊ ဇွန်လ ၁၆ ရက်နဲ့ ၁၇ ရက်နေ့တွေမှာ ကိုယ်တိုင် KIO ကို အဆက်အသွယ် လုပ်ခဲ့ပါတယ်။

KIO အဖွဲ့က အပစ်အခတ် မရပ်ခင် ခိုင်မာတဲ့ အာမခံချက် တောင်းခံထားတဲ့ စာပေးပို့ထားပြီး အစိုးရဘက်က ပြန်ကြားချက် တစုံတရာ မပေးသေးဘူးလို့ သိရပါတယ်။

အခု အသစ်ထပ်ပြီး ဖွဲ့စည်းထားတဲ့ ငြိမ်းချမ်းရေး ကြားဝင်ဆောင်ရွက်ရေး အဖွဲ့နဲ့ပတ်သက်ပြီး ကချင်အမျိုးသား အတိုင်ပင်ခံအဖွဲ့ဝင် ဦးဆင်ဝါးနော်ကို ဦးတင်အောင်ခိုင်က ဆက်သွယ်မေးထားပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2011-06-29 00:31

တစ်ခါအလိမ်ခံရရင် လိမ်တဲ့သူရဲ့ အပြစ်၊ နှစ်ခါအလိမ်ခံရရင်လဲ လိမ်တဲ့သူရဲ့အပြစ်၊ အဲ သုံးခါမြောက် အလိမ်ခံရရင်တော့ အလိမ်ခံရသူရဲ့အပြစ်ဖြစ်ပါသတဲ့ ကချင်တိုင်းရင်းသားတွေ အလိမ်မခံရအောင် သတိထားနှိုင်ပါစေ။