မြစ်ဆုံကိစ္စ အစိုးရနဲ့ ပြည်သူ အဓိကကျတယ်လို့ ဗိုလ်ချုပ် ဂွမ်မော် ပြော
2019.03.24

မြစ်ဆုံစီမံကိန်း ရပ်တန့်ရေးအတွက် လုပ်ဆောင်ရေးနဲ့ ပတ်သက်ပြီး အစိုးရနဲ့ ပြည်သူကသာ အဓိကကျကြောင်း၊ အစိုးရအနေနဲ့ မြစ်ဆုံစီမံကိန်းနဲ့ ပတ်သက်လို့ ပွင့်ပွင့်လင်းလင်း ပြည်သူကိုချပြဖို့ လိုလားကြောင်း KIO ကချင်လွတ်မြောက်ရေးအဖွဲ့ ထိပ်တန်းခေါင်းဆောင်တစ်ဦးဖြစ်သူ ဗိုလ်ချုပ်ဂွမ်မော်က ပြောကြားလိုက်ပါတယ်။
မတ်လ ၂၁ ရက်နေ့က ပြုလုပ်တဲ့ RFA နဲ့ သီးသန့်တွေ့ဆုံမေးမြန်းခန်းမှာ ဗိုလ်ချုပ် ဂွမ်မော်က အခုလို ပြောကြားလိုက်တာဖြစ်ပါတယ်။
တရုတ်နိုင်ငံက မြစ်ဆုံစီမံကိန်းနဲ့ ပတ်သက်လို့ ဖိအားပေးလာခဲ့ရင်လည်း ပြည်သူလူထု သဘောမတူရင် KIA/KIO အနေနဲ့ ထောက်ခံမှာ မဟုတ်ကြောင်း၊ မဟာမိတ်ဖြစ်တဲ့ AA နဲ့ တိုက်ပွဲတွေမှာ စစ်ရေးအရ ပါဝင်ကူညီဖို့ မရှိသော်လည်း စိတ်ဓာတ်ရေးရာအရ ကူညီပံ့ပိုးပေးသွားမှာဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့လည်း နှစ်ဖက်အပစ်အခတ်ရပ်စဲရေး သဘောတူလက်မှတ်ထိုးဖို့ ဆန္ဒရှိကြောင်း၊ NCA ကိုလည်း ပြီးပြည့်စုံတဲ့ သဘောတူညီချက်ရရှိမှသာ လက်မှတ်ထိုးဖို့ ဆန္ဒရှိကြောင်း ပြောပါတယ်။
တိုင်းရင်းသားဒေသတွေမှာ ဗိုလ်ချုပ်အောင်ဆန်းရုပ်တု ထားရှိတာနဲ့ ပတ်သက်လို့ ဗိုလ်ချုပ်အောင်ဆန်းဟာ အမျိုးသားခေါင်းဆောင် တစ်ဦးအနေနဲ့ အများစုက လေးစားတန်ဖိုးထားသူ တစ်ဦးဖြစ်ကြောင်း၊ ကန့်ကွက်မူတွေရှိနေခြင်းဟာ ဗိုလ်ချုပ်အောင်ဆန်းရုပ်တုကို နိုင်ငံရေးအရ တလွဲအသုံးချနေခြင်းကြောင့်သာဖြစ်တယ်လို့ မြင်ကြောင်းလည်း ဗိုလ်ချုပ်ဂွမ်မော်က ပြောပါတယ်။
ဒီသတင်းကို RFA သတင်းထောက် မအဲလိဇဘက်ဂျန်မာ ပေးပို့လိုက်တာပါ။
ဒီသတင်းနဲ့ ပတ်သက်တဲ့ တွေ့ဆုံမေးမြန်းချက် အပြည့်အစုံကို RFA Website နဲ့ Face book စာမျက်နှာမှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။