လေပြင်းကြောင့် စစ်ကိုင်းတိုင်းမှာ လူ ၃ ဦး သေဆုံး
2015.04.23

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းက မြို့နယ်တချို့မှာ အခုရက်ပိုင်းအတွင်း လေပြင်းတိုက်ခတ်မှုကြောင့် လူ ၃ ဦး သေဆုံးမှုရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
တမူးမြိ့နယ်မှာ မနေ့ညက လေပြင်းတိုက်ခတ်ပြီး မိုးသီးကြွေတာကြောင့် အိမ်ခြေတစ်ရာကျော် ပျက်စီး ခဲ့ရသလို သစ်ပင်နဲ့ ဓာတ်တိုင်တွေ၊ နေအိမ်တွေပြိုလဲ ပျက်စီးခဲ့ပြီး အမျိုးသမီးတစ်ဦးလည်း သေဆုံးခဲ့တယ်လို့ တမူးမြို့ခံ ဦးမော်စီက ပြောပါတယ်။
"မိုးသီးကျတဲ့အချိန်မှာပဲ လေတိုက်တယ်ပေါ့နော်၊ အိမ် ၁ဝဝ နီးပါးလောက် အိမ်ခေါင်မိုးတွေလန်တယ်၊ ဓါတ် တိုင် ၅ ချောင်းလောက် လေတိုက်လို့ကျိုးသွားတယ်၊ သစ်ပင်ကတော့ ရာနဲ့ချီပြီး ကျိုးသွားတယ်၊ အမျိုးသမီး တစ်ယောက်က မကြီးပင်ပိပြီး သေတယ်ပေါ့နော်"
ပြီးခဲ့တဲ့ ဧပြီလ ၂၁ ရက်နေ့ကလည်း ပခုက္ကူ ၊ ရေစကြို ၊ ကန့်ဘလူ၊ ကောလင်းနဲ့ ဝန်းသိုမြို့တွေမှာ မိုးကြီး ပြီး လေပြင်းတိုက်ခိုက်ခဲ့တာကြောင့် လူနေအိမ်တွေ၊ အဆောက်အအုံတွေနဲ့ သီးနှံစိုက်ခင်းတွေ ပျက်စီးခဲ့ပါတယ်။
နေအိမ်နဲ့ သစ်ပင်တွေ ပြိုကျမှုကြောင့် ကောလင်းမြို့နဲ့ ရေစကြိုမြို့မှာ အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦး လည်း သေဆုံးခဲ့ပါတယ်။
မြန်မာနိုင်ငံ အလယ်ပိုင်းနဲ့ အထက်ပိုင်းဒေသတွေမှာ လာမယ့်မေလအထိ မိုးသက်လေပြင်း တိုက်ခိုက် မှုတွေ ဖြစ်ပေါ်နိုင်တယ်လို့ မိုးလေဝသပညာရှင်တွေက ခန့်မှန်းထားပါတယ်။
ဒီအကြောင်း RFA သတင်းထောက် မစန်းမော်အောင် တင်ပြထားတာ နားဆင်နိုင်ပါတယ်။