မန္တလေးတိုင်းအတွင်း မုန်တိုင်း မိုးသည်းထန်
2010.10.23

အဆင့် (၂) သတ်မှတ်ထားတဲ့ ဂီရိ ဆိုင်ကလုံးမုန်တိုင်းဟာ မနေ့ညက ရခိုင်ပြည်နယ်ကို ဖြတ်ကျော်ပြီး အားပျော့သွားပေမဲ့ ပျက်ပျယ်မသွားဘဲ တနာရီ ၃၅ မိုင်နှုန်းလောက်နဲ့ မြန်မာနိုင်ငံ အလယ်ပိုင်း မန္တလေးတိုင်း အတွင်းကို ဒီကနေ့ မနက်စောစော ၅ နာရီကတည်းက စတင် ဝင်ရောက်နေတယ်လို့ မိုးလေသဝ ခန့်မှန်းချက်တွေအရ သိရပါတယ်။
ဒီနေ့ ညနေ ၂ နာရီလောက်အထိ မုန်တိုင်းဖြတ်သွားတဲ့ မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့က အခြေအနေကို အာရ်အက်ဖ်အေက ဆက်သွယ် မေးမြန်းကြည့်တဲ့အခါ မြို့ခံတယောက်က အခုလို ပြောပါတယ်။
“လေက ငြိမ်သွားပြီးတော့ မိုးကတော့ မတရား သည်းနေတာ အခုအနေအထားပေါ့၊ မနက် တနာရီလောက်ကနေ စပြီးတော့ မုန်တိုင်း စပြီး တိုက်တာပေါ့လေ။ ၉ နာရီလောက်အထိ မုန်တိုင်းတိုက်တုန်းပေါ့လေ။ အပျက်အစီးကတော့ ဓာတ်တိုင်တွေ လဲတယ်၊ ဖုံးကြိုးတွေ ဖုံးတိုင်တွေ လဲတယ်။ သစ်ပင်ကြီးတွေ လဲတယ်။ တမြို့လုံး ဖြစ်နေတာဗျ။ လူအသေအပျောက် မရှိပါဘူး၊ အခုအချိန်အထိ ရွာနေတုန်း မိုးကတော့။ မီးတွေ ဘာတွေလည်း ပြတ်သွားတယ်၊ တယ်လီဖုံးတွေလည်း ပြတ်သွားတယ် ကြိုး တယ်လီဖုံးတွေပေါ့•
စဉ့်ကူးနဲ့ မိတ္ထီလာမြို့မှာတော့ လေတိုက်အား နည်းပေမဲ့ မိုးကတော့ အဆက်မပြတ် ရွာနေတယ်လို့ မြို့ခံတွေက ပြောကြပါတယ်။ ညနေ ၃ နာရီလောက်မှာ မန္တလေးမြို့ရောက် မုန်တိုင်းအခြေအနေနဲ့ ပတ်သက်လို့ မြို့ခံတယောက်က အခုလို ပြောပြပါတယ်။
“မနက်ပိုင်းက မထူးခြားဘူး။ မိုး တအားရွာတာပဲ ရှိတာ။ လေက အခုမှ ထန်လာတယ်။ မနက် မိုးမလင်းခင် လေးငါးနာရီ ကတည်းက ရွာနေတာ အခုအချိန်အထိ မတိတ်သေးဘူး။ ရပ်ကွက်တွေထဲမှာ မိုးရွာလို့ မိုးရေဝင်တဲ့ အနေအထားတွေက အားလုံး တပြေးညီ ဖြစ်နေတာ”
လွန်ခဲ့တဲ့ သီတင်းပတ်ကလည်း မိုး အဆက်မပြတ် ရွာသွန်းမှုကြောင့် မန္တလေးတိုင်းအတွင်းက ဆည်တွေ ရေ မထိန်းသိမ်းနိုင်တော့ဘဲ ဖောက်ချလိုက်တဲ့အတွက် ဒေသခံ အမြောက်အမြား ရေဘေးသင့်ပြီး ဒုက္ခ ရောက်ခဲ့ကြရပါတယ်။ ဒီမုန်တိုင်းကြောင့် နောက်ထပ် အခုလို မိုးအဆက်မပြတ်ရွာရင် အလားတူ အန္တရာယ်မျိုး ရင်ဆိုင် ရနိုင်တယ်လို့လည်း ပြောပါတယ်။