လှိုင်သာယာမှာ အလုပ်သမားတွေ ဆန္ဒပြ


2013.04.01
hlaingtharyar-worker-protest-305.jpg လုပ်ခလစာတိုးမြှင့်ရေးအတွက် လှိုင်သာယာမြို့နယ်ရှိ စက်ရုံတစ်ခုက အလုပ်သမားများ ဆန္ဒပြနေစဉ်
photo: RFA/ Tun Myint

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ လှိုင်သာယာစက်မှုဇုန် (၁)၊ ကနောင်မင်းသားကြီးလမ်းမှာရှိတဲ့ တော်ဝင်မြန်မာ ဇာပန်းထိုးစက်ရုံရှေ့မှာ စက်ရုံ ၇ ခုက အလုပ်သမား ၂၅၀ လောက်ဟာ သူတို့အခွင့်အရေးတွေ အပြည့်အဝရရှိရေးအတွက် ဒီနေ့မှာ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

တော်ဝင် ဇာပန်းထိုးစက်ရုံ အုပ်ချုပ်ရေးက အလုပ်သမားခေါင်းဆောင်တချို့ကို အလုပ်ထုတ်လိုက်တဲ့အတွက် အခုလို အလုပ်သမားရာနဲ့ချီပြီး ဆန္ဒပြကြတာလို့ အလုပ်သမတစ်ဦးက RFA ကို ပြောပါတယ်။

ဒါ့အပြင် အလုပ်သမားတွေရဲ့ တောင်းဆိုချက်ထဲမှာ အလုပ်သမားအဖွဲ့အစည်းနဲ့ အမှုဆောင်တွေကို အလုပ်ရှင်ဘက်က အသိအမှတ်ပြုရေး၊ အလုပ်သမားအဖွဲ့အစည်း ဥပဒေနဲ့ အငြင်းပွားမှုဖြေရှင်းရေး ဥပဒေကို လေးစားလိုက်နာရေး၊ အလုပ်သမား ဥပဒေပါ အချက်တွေအတိုင်း အကောင်အထည် ဖော်ဆောင်ရွက်ပေးရေးနဲ့ တော်ဝင်မြန်မာ ဇာပန်းထိုးစက်ရုံက အလုပ်အမှုဆောင်တွေကို အလုပ်ပြန်လည်ခန့်အပ်ရေး စတဲ့အချက်တွေ ပါဝင်ပါတယ်။

အခုဆန္ဒပြပွဲဟာ အာဏာပိုင်တွေရဲ့ ခွင့်ပြုချက်နဲ့ တရားဝင်ဆန္ဒပြတာလို့ အလုပ်သမားတွေက ပြောပါတယ်။  
ဒီနေ့ဆန္ဒပြပွဲကို လှိုင်သာယာစက်မှုဇုန်မှာရှိတဲ့ ဆာကူရာ အထည်ချုပ်စက်ရုံ၊ မြူးနဲ့စူး အထည်ချုပ်စက်ရုံ၊ ဒေါ်လီကွေ့ကျုံး အထည်ချုပ်စက်ရုံ၊ ကိုးရီးယားလင့် အထည်ချုပ်စက်ရုံ၊ နယူးဝေးဖိနပ်စက်ရုံ၊ Hi-Mo ဆံပင်တုစက်ရုံကစတဲ့စက်ရုံတွေက အလုပ်သမားတွေ ပါဝင်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။