မှော်ဘီလေတပ်စခန်း ပစ်ခတ်တိုက်ခိုက်ခံရ
2024.11.09

ရန်ကုန်တိုင်း မှော်ဘီမြို့နယ်မှာရှိတဲ့ စစ်ကောင်စီ လေတပ်စခန်းကို နိုဝင်ဘာလ ၉ ရက်နေ့မနက်စောပိုင်းမှာ တာဝေးပစ် မစ်ဇိုင်းဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မြို့ပြအထူးစစ်ဆင်ရေး Urban Special Operation (U.S.O) က ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။
တာဝေးပစ် မစ်ဇိုင်းဒုံး လေးလုံးနဲ့ တိုက်ခိုက်ခဲ့တာဖြစ်ပြီး လေယာဉ်ဂိုထောင်နဲ့ အရာရှိအိမ်တွေ ထိခိုက်ပျက်စီးနိုင်တယ်လို့လည်း ဆိုပါတယ်။
စစ်ကောင်စီဟာ ပြည်သူတွေနဲ့ တိုင်းရင်းသားဒေသတွေကို လေကြောင်းသုံးတိုက်ခိုက်နေတာကြောင့် အခုလို တိုက်ခိုက်ရတာလို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ပြည်သူတွေကို မတရားပြုလုပ်ဖို့ ကြံစည်နေတဲ့ စစ်ကောင်စီရဲ့ စီးပွားရေးပိုင်ဆိုင်မှုတွေနဲ့ ပတ်သက်ဆက်နွှယ်သူတွေကို စစ်ရေးပစ်မှတ်အဖြစ် မဟာမိတ်တွေနဲ့ ပူးပေါင်းပြီး ဆက်လက်ဖော်ဆောင်သွားမယ်လို့လည်း ဆိုပါတယ်။
ဒီတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာလည်း မရှိသေးပါဘူး စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမဲ့လည်း ဖုန်းမဖြေပါဘူး။
ပြီးခဲ့တဲ့နှစ် ၂၀၂၃ အောက်တိုဘာ ၂၂ရက်နေ့ကလည်း စစ်ကောင်စီ မှော်ဘီလေတပ်စခန်းကို (၁၀၇) မမ ရှော့တိုက်ဒုန်း ငါးလုံးနဲ့ တိုက်ခိုက်ခဲ့တယ်လို့ U.S.O က ထုတ်ပြန်ထားပါတယ်။