ဖားကန့်မှာ မြေစာပုံပြိုလို့ လူသုံးဦးသေ၊ နှစ်ဦးဒဏ်ရာရ
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု စပေါ့ကျေးရွာအနီးက မြန်မာသူရကျောက်မျက်ကုမ္ပဏီ လုပ်ကွက်ဟောင်းမှာ မြေစာပုံပြိုကျလို့ ရေမဆေးရှာဖွေနေသူ သုံးဦး သေဆုံးခဲ့ပြီး နှစ်ဦး ဒဏ်ရာ ရရှိခဲ့တယ်လို့ ဆိပ်မူကျေးရွာအုပ်ချုပ်ရေးမှူး ဦးတူးမိုင် ကပြောပါတယ်။
သေဆုံးသူ သုံးဦးမှာ အသက် ၁၇ နှစ်အရွယ်၊ ၂၂ နှစ်အရွယ် နဲ့ အသက် ၄၃ နှစ်အရွယ် အမျိုးသားတွေ ဖြစ်ပါတယ်။
ဒီဇင်ဘာလ ၁၅ ရက်နေ့ ဒီမနက် သုံးနာရီခွဲခန့်အချိန်မှာ အမြင့်ပေ ၁၅၀၊ အကျယ် ပေ ၂၀ ရှိတဲ့ မြေစာပုံ ရုတ်တရက် ပြိုကျခဲ့တာဖြစ်ပါတယ်။
ဒဏ်ရာရရှိသူနှစ်ဦးမှာ တစ်ဦးက ခြေထောက်ကျိုးခဲ့ပြီး၊ နောက်တစ်ဦးက ဦးခေါင်းပေါက်ပြဲဒဏ်ရာရခဲ့တာပါ။ သူတို့နှစ်ဦးကို ဖားကန့်ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ပြီး ဆေးဝါးကုသပေးနေပါတယ်။
ဖားကန့်ဒေသမှာ ကျောက်စိမ်းတွင်မြေပြိုကျတာ၊ မြေစာပုံပြိုကျတာနဲ့ မြေစာပုံနွံကန်ပြိုကျတာတွေကြောင့် နှစ်စဉ်နှစ်တိုင်း ကျောက်ရှာဖွေရေးသမားတွေ ရာနဲ့ချီသေဆုံးနေပါတယ်။