ဖရူဆိုမြို့က အကြမ်းဖက်တိုက်ခိုက်မှု CARE International အဖွဲ့ ရှုတ်ချ

2021.12.26
ဖရူဆိုမြို့က အကြမ်းဖက်တိုက်ခိုက်မှု CARE International အဖွဲ့ ရှုတ်ချ ကယားပြည်နယ် ဖရူဆိုမြို့နယ်မှာ မီးရှို့ဖျက်ဆီးခံရတဲ့ ကားများကို ၂၀၂၁ ဒီဇင်ဘာ ၂၄ ရက်နေ့က တွေ့ရစဉ်
Photo: CJ

ခရစ္စမတ်အကြိုနေ့က ကယားပြည်နယ် ဖရူဆိုမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်တွေရဲ့ မီးရှို့တိုက်ခိုက်မှု ကြောင့် ကလေးငယ်နဲ့ အမျိုးသမီးတွေ အပါအဝင် အနည်းဆုံး လူ ၃၈ ဦး သေဆုံးခဲ့ရမှုနဲ့ ပတ်သက်ပြီး အပြစ်တင် ရှုတ်ချတယ်လို့ နိုင်ငံတကာ လူသားချင်း စာနာမှုကူညီရေး အဖွဲ့တစ်ခုဖြစ်တဲ့ CARE International အဖွဲ့က မနေ့ကပဲ ကြေညာချက်ထုတ် ပြန်ခဲ့ပါတယ်။

အရပ်သားတွေကို အခုလို အကြမ်းဖက်တိုက်ခိုက်မှုဟာ ထိတ်လန့်တုန်လှုပ်ဖို့ကောင်းပြီး ဒီလုပ်ရပ်ကို ရှုတ်ချ တယ်၊ ဒီတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး ခရစ္စမတ်အားလပ်ရက် အိမ်ကိုပြန်လာတဲ့ လူသားချင်းစာနာမှု အကူညီပေး သူ Save the Children အဖွဲ့ဝင် နှစ်ဦး ပျောက်ဆုံးနေတဲ့ ကိစ္စကိုလည်း အထူးပဲ စိုးရိမ်ပူပန်နေတယ်လို့ CARE International အဖွဲ့က ပြောပါတယ်။

အရပ်သားပြည်သူတွေရဲ့ အခွင့်အရေးအားလုံးကိုလေးစားပြီး အကြမ်းဖက်မှုတွေကို ချက်ချင်းရပ်ဖို့ စစ်ကောင်စီ တပ်ဖွဲ့တွေကို တိုက်တွန်း တောင်းဆိုတယ်လို့လည်း ကြေညာချက်မှာဖော်ပြထားပါတယ်။ CARE International အဖွဲ့ဟာ လူ့အခွင့်အရေးတွေ အပြည့်အဝရရေးနဲ့ ဆင်းရဲမှု လျှော့ချရေးလုပ်ငန်းတွေကို မြန်မာနိုင်ငံမှာ ၁၉၉၅ ခုနှစ်ကစပြီး လုပ်ကိုင်နေတဲ့အဖွဲ့ ဖြစ်ပါတယ်။

Save the Children အဖွဲ့ကလည်း အရပ်သားပြည်သူတွေကို အခုလို အကြမ်းဖက် တိုက်ခိုက်မှုအပေါ် အပြစ်တင် ရှုတ်ချကြောင်း ကြေညာချက်ထုတ်ပြန်ထားပြီး ဒီလုပ်ရပ်ဟာ နိုင်ငံတကာ လူသားချင်းစာနာမှု ဆိုင်ရာ ဥပဒေကို ချိုးဖောက်ရာ ရောက်တယ်လို့ဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။