ပထမဆုံးအတည်ပြုလူနာရှိတဲ့ တီးတိန်ဆေးရုံမှာ လိုအပ်ချက်တွေ များပြားနေ

ဝေယံမိုးမြင့်
2020.04.30

မြန်မာနိုင်ငံရဲ့ ပထမဆုံး အတည်ပြုလူနာဟာ ချင်းပြည်နယ် တီးတိန်မြို့ကဖြစ်ပြီး သူနဲ့ တခြားလူနာ လေးဦး တီးတိန်ဆေးရုံမှာ ကုသမှုခံယူနေပါတယ်။

တီးတိန် ကုတင် ၁၀၀ ဆေးရုံကို လျှပ်စစ်ဓာတ်အား မပေးနိုင်တာကြောင့် မီးစက်သုံးပြီး ဓာတ်အားရရှိနိုင်အောင် စီစဉ်ထားရပါတယ်။

တီးတိန်ဆေးရုံဟာ မနိုင်ဝန် ထမ်းထားရတယ်လို့ တီးတိန်မြို့ ဇိုမီး ကိုဗစ်-19 တုံ့ပြန်ကော်မတီက ဦးကိမ်းတွောင် က ဆိုပါတယ်။

"ကိုဗစ်လူနာတွေအတွက် နဂိုထဲက ဒီအဆင့်ပါ ဒါမြို့နယ်ဆင့်ဆေးရုံပါ ကုတင် ၁၀၀ ဆေးရုံဆိုတာ ဆေးရုံက မနိုင်မနင်း ဝန်ထုပ်ဝန်ပိုးကို ထမ်းထားရတယ်။ ပြောရရင်တော့ အခက်အခဲတွေက အများကြီးရှိလိမ့်မယ်။ လူဦးရေတွေ တိုးလာရင် အခက်အခဲတွေ အများကြီးရှိလိမ့်မယ်။ အခု လူနာ ငါးဦးထားတဲ့နေရာက ဆေးရုံမဟုတ်ဘူး ဝန်ထမ်းအိမ်ရာ မိသားစု ၁၈ စု ဆံ့တဲ့ ဝန်ထမ်းအိမ်ရာမှာ တစ်ယောက်တစ်ခန်း ထားတာ။ အများသိကြတာ ကေ့စ် ငါးယောက်လို့ သိပေမယ့် သံသယလူနာတွေရှိသေးတယ် ထပ်ပြီးထွက်လာရင် ဒါကို ဒီဆေးရုံကြီး ပခုံးက မထမ်းနိုင်ဘူး။"

တီးတိန်မြို့မှာ နှစ်ရက်တစ်ကြိမ် ရေအားလျှပ်စစ်နဲ့ပေးနေပြီး အစိုးရဆေးရုံကိုတော့ တစ်ရက်ကို သုံးကြိမ်ပေးတာဖြစ်ပါတယ်။

လျှပ်စစ်ဓာတ်အားပြဿနာအပြင် ရေပြဿနာလည်းရှိနေပြီး အစိုးရဖြန့်ဝေပေးတဲ့ ရေကိုသာ သုံးရတဲ့အတွက် ရေပြတ်တဲ့နေ့တွေလည်း ရှိနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ဆေးရုံရဲ့ အခက်ခဲနဲ့ လိုအပ်ချက်တွေကို ဖြေရှင်းနေတယ်လို့ တီးတိန် ဆေးရုံအုပ်ကြီး ဒေါက်တာ ဇော်မြင့်နိုင်က ဆိုပါတယ်။

"ဆေးရုံကပြောရရင် အများကြီးပါ။ ဒါတွေအားလုံးသတင်းထဲမှာ ပါပြီးသားတွေပါ ထပ်ပြီး ကွန်ဖမ်းလုပ်ဖို့ မလိုပါဘူး။ ဆေးရုံရဲ့ လိုအပ်ချက် အဆင်ပြေခြင်း မပြေခြင်းတွေကို ဖြေရှင်းနေပါတယ်။"

ပဲခူးတိုင်း ပြည်ကုတင် ၅၀၀ ဆေးရုံက မေ့ဆေးဆရာဝန်ကြီး ဒေါ်မြင့်မြင့်စိန်က ရောဂါပိုးကူးစက်ခံရသူတွေကို ထားရှိတဲ့ အရေးပေါ်လူနာ အထူးကြပ်မတ်ကုသဆောင် (ICU) မှာ စက်ပစ္စည်း၊ နေရာထိုင်ခင်း၊ အသုံးအဆောင်နဲ့  ဝန်ထမ်းအင်အား  ပြည့်ပြည့်စုံစုံ မရှိခဲ့တာကြောင့် ကမ္ဘာ့ကပ်ရောဂါနဲ့ နဖူးတွေ့၊ ဒူးတွေ့ ရင်ဆိုင်ရတဲ့အခါ အခက်အခဲတွေ အများကြီးရှိနေတယ်လို့  ဧပြီ ၂၈ ရက်နေ့က နိုင်ငံတော် အတိုင်ပင်ခံနဲ့ အွန်လိုင်းစကားဝိုင်းမှာ ပြောပါတယ်။

အဲဒီလိုအပ်ချက်တွေဟာ ဆေးရုံတိုင်းမှာ ရှိနေတာဖြစ်ပြီး လူနာ ငါးဦးရှိနေတဲ့  တီးတိန် ဆေးရုံရဲ့ လိုအပ်ချက်တွေကို ပြည်နယ်အစိုးရနဲ့ ပြည်ထောင်စုအစိုးရက ဖြည့်ဆည်းပေးမယ်လို့  ပြောကြားထားပါတယ်။

လျှပ်စစ်မီးရရှိနိုင်ရေးကို စီစဉ်ပေးနေပြီး အခြားလိုအပ်ချက်တွေအတွက် ပြည်ထောင်စုအစိုးရနဲ့ ပူးပေါင်းဖြေရှင်းဖို့ လုပ်ဆောင်နေတယ်လို့ ချင်းပြည်နယ် လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန် က ပြောပါတယ်။

"မီးက မဟာဓာတ်အားလိုင်း မရှိပါဘူး။ ဆေးရုံမှာ ၂၄ နာရီ မီးရအောင်  ထောက်ပံ့နေပါတယ်။ တစ်မြို့လုံးကို တစ်နာရီပိုရအောင် ဆောင်ရွက်နေပါတယ်။ ပေါ့စတစ်က ငါးယောက်ရှိပါတယ် ဆေးရုံမှာလိုအပ်တဲ့ ICU အခန်းတွေ သီးသန့်ခန်းတွေက လိုအပ်ချက်ရှိနေဆဲပါ။ ဒါက အခုမှ ချက်ချင်းကြုံရတော့ အရေးပေါ်အဆင်ပြေအောင် ဖြေရှင်းနေရတယ်။ ဒီအခက်အခဲတွေအပေါ် ပြည်ထောင်စုအဆင့်ရော ပြည်နယ်အဆင့်ရော ပေါင်းပြီး လုပ်ဖို့ရှိပါတယ်။"

တီးတိန်မြို့မှာ သံသယရှိသူ ၁၃၅ ဦးကို စစ်ဆေးရာ ၅ ဦးမှာ ရောဂါပိုးကူးစက်ခံထား ရတာ တွေ့ရှိခဲ့တာဖြစ်ပြီး နောက်ထပ်စစ်ဆေးဖို့ ပေးပို့ထားသူ ၄၈ ဦးကျန်ရှိနေသေးကာ ဆေးစစ်ချက်အဖြေကိုတော့ မသိရသေးပါဘူး။

တီးတိန်ဆေးရုံမှာ လူနာ ၁၀ ဦး ထားရှိနိုင်ဖို့ စီစဉ်ထားတယ်လို့ ပြည်နယ်အစိုးရက ဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။