အစာငတ်ခံ ဆန္ဒပြတဲ့ အကျဉ်းသားများ ထောင်ဝင်စာ အပိတ်ခံရ
2011.10.28

(Photo: AFP)
အကျဉ်းထောင် လက်စွဲပါ အကျဉ်းသား ခံစားခွင့်များ ရရှိဖို့ အင်းစိန်ထောင် အဆောင် ၅၊ ၃ နဲ့ ၄ တွေက နိုင်ငံရေးအကျဉ်းသား ၁၅ ဦးဟာ အောက်တိုဘာလ ၂၆ ရက်နေ့ မွန်းလွဲပိုင်းက စပြီး အစာငတ်ခံ ဆန္ဒပြခဲ့ကြတာပါ။
ဆန္ဒပြချိန် ၄၈ နာရီ မပြည့်ခင် အာဏာပိုင်တွေဘက်က ရေဖြတ်လိုက်ပြီး တဆက်တည်း ဒီကနေ့ ထောင်ဝင်စာ ပိတ်လိုက်တယ်လို့ နိုင်ငံရေး အကျဉ်းသား မိသားစု ကွန်ယက်က ကိုအောင်ဇော်ထွန်း က ပြောပါတယ်။
“၂၇ ရက်နေ့ မနက်မှာပဲ ဆန္ဒပြသူတွေကို သောက်သုံးရေတွေ ဖြတ်တောက်လိုက်တယ်။ ပြီးတော့ ထောင်ဝင်စာတွေ့တဲ့ နိုင်ငံရေး အကျဉ်းသား မိသားစုတွေကိုလည်း ထောင်ဝင်စာ ပေးမတွေ့ပါဘူး၊ ဘာဖြစ်လို့ တွေ့ခွင့်မရတာလဲ မေးတော့လည်း ပြန်မရှင်းပြဘူး။ အထက်က ပိတ်ခိုင်းထားတာ လို့ပဲ ပြောတယ်။ အဲဒီတော့ ပါဆယ် သွင်းခွင့် ရမလား မေးတော့လည်း သွင်းခွင့်မရဘူးလို့ အထက်က ပြောတယ်လို့ ပြောတယ်။ ဘယ်တော့ တွေ့ခွင့်ရမလဲ မေးတော့လည်း တိတိကျကျ မပြောဘဲ နောက် လေး ငါးရက်လောက် လာမတွေ့ပါနဲ့လို့ပဲ ပြောလိုက်ပါတယ်။”
ရရှိတဲ့ သတင်းတွေ အရ ပထမဆုံး စတင် အစာငတ်ခံ ဆန္ဒပြသူ ၁၅ ဦး ရှိရာက အခု အဆောင် ၃၊ အဆောင် ၄ နဲ့ အဆောင် ၂ က အကျဉ်းသား တချို့ပါ ပူးပေါင်း ပါဝင်တယ် ဆိုတဲ့ သတင်းတွေ ရပေမယ့် အတည်ပြုလို့ မရသေးပါဘူး။
RFA က အင်းစိန်ထောင်ကို ဆက်သွယ်ခဲ့ပေမယ့် အဆက်အသွယ် လုပ်လို့မရပါဘူး။ တဆက်တည်းမှာပဲ အပြင်မှာရှိတဲ့ နိုင်ငံရေး အကျဉ်းသား မိသားစုများနဲ့ နိုင်ငံရေး အကျဉ်းသားဟောင်းတွေက အစာငတ်ခံ ဆန္ဒပြသူတွေကို ထောက်ခံကြောင်း သူတို့ရဲ့ တောင်းဆိုချက်တွေကို လိုက်လျောပေးဖို့ လိုကြောင်း စာတစ်စောင် ထုတ်ပြန်ပြီး လက်မှတ်ရေးထိုးတဲ့ လှုပ်ရှားမှုကို ဒီကနေ့ စတင်နေပြီလို့ သိရပါတယ်။
ဒီအကြောင်းတွေနဲ့ ပတ်သက်ပြီး ဦးတင်အောင်ခိုင်က ဆက်သွယ်မေးမြန်း တင်ပြထားတာကို နားဆင်နိုင်ပါတယ်။
![]() |
ဆက်သွယ်မေးမြန်းချက်။ |
![]() |
အသံဖိုင်ယူရန်။ |