IFC က မြန်မာကို ဒေါ်လာ တစ်ဘီလီယံ ချေးမည်


2014.12.13

ကမ္ဘာ့ဘဏ်အုပ်စု အဖွဲ့ဝင်ဖြစ်တဲ့ IFC ခေါ် နိုင်ငံတကာ ငွေကြေးပူးပေါင်းဆောင်ရွက်ရေး အဖွဲ့အနေနဲ့ မြန်မာ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် ရင်းနှီးမြှုပ်နှံမှုတွေကိုလာမယ့်သုံးနှစ်အတွင်း အမေရိကန်ဒေါ်လာ ၁ ဘီလီယံ အထိ တိုးမြှင့်သွားမယ်လို့ ဒီဇင်ဘာ ၁၂ ရက်နေ့ နေ့စွဲနဲ့ မနေ့က ထုတ်ပြန်လိုက်ပါတယ်။

အဲ့ဒီ ရင်းနှီးမြှုပ်နှံမှုအကူအညီ ဟာ အသေးစား နဲ့ အလတ်စား လုပ်ငန်းတွေကို အဓိက ဦးစားပေး ကူညီ မှာ ဖြစ်ပြီး၊ မြန်မာနိုင်ငံရဲ့ ပုဂ္ဂလိကလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ အလုပ်အကိုင် အခွင့်အလမ်း တိုးတက်ရရှိရေးတွေအတွက် ဖြစ်တယ်လို့သိရပါတယ်။

IFC ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Vikram Kumar  က  စီးပွားရေးနဲ့ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေ လုပ်ဆောင်ဖို့ အခြေအနေ အကောင်းဆုံးနိုင်ငံများစာရင်းမှာ မြန်မာနိုင်ငံရဲ့ အဆင့်အနေအထား သိသိသာသာတိုးတက်မှုမရှိကြောင်း၊ အစိုးရအနေနဲ့ ပြုပြင်ပြောင်းလဲရေးတွေ အားစိုက်ဆောင်ရွက်နေတယ်လို့ ထင်မြင်ယူဆပါကြောင်း၊ ဒါပေမဲ့ ပြုပြင်ပြောင်းလဲမှုတွေရဲ့ ရလာဒ်တွေ ကို အောက်ခြေလူထု အကျိုးရှိရှိခံစားရရေးက အဓိကကျကြောင်း၊ ဒါကြောင့် အစိုးရရဲ့ ပြုပြင်ပြောင်းလဲမှုတွေ ထိရောက်အောင် ဘဏ္ဍာရေးကဏ္ဍမှာ IFC က အကူအညီပေးမှာဖြစ်ကြောင်း ပြောဆိုပါတယ်။

IFC အနေနဲ့ မြန်မာနိုင်ငံရဲ့ အသေးစားနဲ့ အလတ်စားလုပ်ငန်းတွေ ဖွံ့ဖြိုးရေးဆိုင်ရာအထွေထွေ ရင်းနှီးမြှုပ်နှံမှု အတွက် ၂ဝ၁၄ နိုဝင်ဘာလအထိ အမေရိကန်ဒေါ်လာ ၉၂ သန်း ထောက်ပံ့ကူညီထားပြီး၊ လက်ရှိ ဘဏ္ဍာရေးနှစ် ကုန်ဆုံးမယ့် ၂ဝ၁၅ ဇွန်လကုန်မှာ IFC ရဲ့ ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာသန်းပေါင်း ၄ဝဝ ရှိမယ်လို့ မျှော် လင့်ကြောင်း၊ အထူးသဖြင့် မြန်မာနိုင်ငံရဲ့ စွမ်းအင်၊ တယ်လီဖုန်းဆက်သွယ်ရေးနဲ့ သယ်ယူပို့ဆောင်ရေးကဏ္ဍတွေ မှာ ဦးစားပေးမြှုပ်နှံမှာဖြစ်ကြောင်း ပြောပါတယ်။ မြန်မာနိုင်ငံမှာ အိမ်ထောင်စု စုစုပေါင်းပေါင်းရဲ့ ၃ဝ ရာနှုန်းသာ လျှပ်စစ်ဓာတ်အား ရရှိတယ်လို့ ခန့်မှန်းထားပါတယ်။

တစ်ဘက်မှာလည်း IFC ရဲ့ မြန်မာအပေါ် ချေးငွေအကူအညီတွေဟာ အမှန်တကယ် ဆင်းရဲမွဲတေမှု လျှော့ချရေးနဲ့ ပုဂ္ဂလိကဖွံ့ဖြိုးရေးတို့အတွက် ထိရောက်တဲ့ ကူညီမှုတွေမဟုတ်ဘူးလို့ US Campaign For Burma စတဲ့အဖွဲ့တွေ က ဝေဖန်ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။