တရုတ်စီမံကိန်းတွေ ဆက်လက်အကောင်အထည်ဖော်ရေး တရုတ်နဲ့ စစ်ကောင်စီ ဆွေးနွေး
2024.05.31

စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနဲ့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ် မစ္စတာချန်းဟိုင်တို့ မေလ ၃၀ ရက်နေ့က နေပြည်တော်မှာတွေ့ဆုံပြီး နှစ်နိုင်ငံ ပူးပေါင်းဆောာင်ရွက်နေတဲ့ စီမံကိန်းတွေ ဆက်လက်အကောင်အထည်ဖော်ရေးကိစ္စတွေကို ဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။
ဒါ့အပြင် အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေကို ပူးပေါင်းနှိမ်နင်းဖို့၊ တရုတ်-မြန်မာနယ်စပ်ဒေသ ငြိမ်းချမ်းရေး၊ မြန်မာရဲ့ စီးပွားရေးတိုးတက်ဖို့အတွက် တရုတ်က ကူညီဖို့နဲ့ နိုင်ငံတကာမျက်နှာစာမှာ ပိုပြီး နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်ဖို့ကိစ္စတွေ ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။
စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံမှာ လက်နက်ကိုင်ပဋိပက္ခတွေ ပြင်းထန်နေပြီး တရုတ်-မြန်မာနယ်စပ် ကုန်သွယ်ရေးကလည်း ကျဆင်းနေသလို တရုတ်စီမံကိန်းတချို့ကလည်း တိုက်ပွဲဇုန်တွေအတွင်းမှာ ကျရောက်နေတာပါ။
တရုတ် ကြေးနီစီမံကိန်းတွေရှိနေတဲ့ စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်က ကြေးနီသယ်ယာဥ်တန်းတွေဆိုရင် မေလ တစ်လတည်းမှာပဲ သုံးကြိမ်ထက်မနည်း တိုက်ခိုက်ခံခဲ့ရပြီး မေလ ၁ ရက်နေ့က တိုက်ခိုက်မှုမှာ တရုတ်နိုင်ငံသားတစ်ဦးပါ ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒါပေမဲ့ အခုမေလဆန်းပိုင်းမှာပဲ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းတွေရှိတဲ့ တရုတ် ဝမ်ပေါင် ကုမ္ပဏီနဲ့ ယန်စီ ကုမ္ပဏီ လုပ်ငန်းခွင်ထဲကို တရုတ်နိုင်ငံသား ရှစ်ဆယ်နီးပါး ထပ်ရောက်လာပြီး စီမံကိန်း ဆက်လက်လည်ပတ်နိုင်ရေး ကြိုးပမ်းနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
တိုက်ပွဲပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ မဒေးကျွန်းကိုလည်း တရုတ်နိုင်ငံသားပညာရှင် သုံးရာကျော်နဲ့ စက်ပစ္စည်းယန္တရား၊ စားသောက်ကုန်တွေပါဝင်တဲ့ သင်္ဘောတစ်စီး ဧပြီလ ၂၈ ရက်နေ့မှာ လာရောက်ဆိုက်ကပ်ခဲ့တယ်လို့ ကျောက်ဖြူမြို့ခံတွေက ပြောပါတယ်။
အဲဒီသင်္ဘောဟာ မဒေးကျွန်းပေါ်က တရုတ်စီမံကိန်းဖြစ်တဲ့ ကျောက်ဖြူ အထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်း စီမံကိန်းမှာ အလုပ်လုပ်ကိုင်ဖို့ စစ်ကောင်စီရဲ့ခွင့်ပြုချက်နဲ့ ရောက်လာကြတာလို့ ဆိုပါတယ်။
အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေနဲ့ ပတ်သက်လို့လည်း ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ တရုတ်-မြန်မာနယ်စပ်က အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေကို နှိမ်းနင်းနိုင်ခဲ့ပေမဲ့ အဲဒီငွေလိမ်ဂိုင်းတွေဟာ ထိုင်း-မြန်မာနယ်စပ်မှာ ဒီနေ့အထိ ဆက်လက်ကြီးထွားနေတယ်လို့ လေ့လာသူတွေက ပြောပါတယ်။
အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေနဲ့ဆက်စပ်သူ ငါးသောင်းနီးပါးကို မြန်မာနိုင်ငံက တရုတ်နိုင်ငံကို လွှဲပြောင်းပေးခဲ့ပြီး အဲဒီရာဇဝတ်ဂိုဏ်းတွေကို ထိထိရောက်ရောက် နှိမ်နင်းနိုင်ခဲ့ကြောင်း တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန (MPS) က မေ ၂၇ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။