အမ်းနဲ့ ကျောက်ဖြူမှာ စစ်ဘေးဒုက္ခသည်တွေ ပိုများလာ
2020.06.28
ရခိုင်ပြည်နယ် အမ်းမြို့နယ် ဒလက်ချောင်းရွာအနီးမှာ တပ်မတော်နဲ့ AA တို့ မကြာခဏ တိုက်ပွဲဖြစ်ပွားတာတွေ၊ ရွာထဲကိုလက်နက်ကြီးကျည် ကျရောက်တာတွေကြောင့် ဒေသခံတွေဟာ ရွာကိုစွန့်ခွာပြီး ဒုက္ခသည်စခန်းတွေဆီကို နေ့စဉ်လိုလို ထွက်ပြေးနေရပြီး စားနပ်ရိက္ခာတွေလည်း ပြတ်နေကြလို့ အခက်အခဲတွေ့နေရပါတယ်။
အမ်းမြို့နယ်ထဲက ကျေးရွာတွေအနီးမှာ တပ်မတော်နဲ့ AA တို့ မကြာခဏ တိုက်ပွဲဖြစ်တာ၊ ရွာထဲကို လက်နက်ကြီး ကျည် ကျတာတွေကြောင့် ရွာမှာမနေရဲတော့ဘဲ ဒီရက်ပိုင်းအတွင်း အမ်းမြို့ပေါ်မှာရှိတဲ့ စစ်ဘေးရှောင်စခန်းကို ထွက်ပြေးလာကြတဲ့ စစ်ဘေးဒုက္ခသည်အရေအတွက် တိုးလာနေတယ်လို့ အမှတ် (၂) တိုက်ပွဲရှောင် နေရပ်စွန့်ခွာ စခန်း ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ ကိုစိုးသိန်းက ပြောပါတယ်။
“လူဦးရေက ဒီတစ်ရက် နှစ်ရက် အတွင်းမှာကို ၃၀၀ လောက်တိုးလာတယ်။ နောက်ထပ်လာနေကြတယ် လို့တော့ ပြောသံကြားတယ်။ ကား သုံးစီးလာနေတယ်ပြောတယ်။ တစ်စီးမှာအနည်းဆုံး ၄၀ လောက်ပါမယ် သုံးစီးဆို ၁၂၀ ပေါ့ ။ သူတို့ခုထိတော့ ရောက်မလာကြသေးဘူး။ ရောက်လာရင် နေရာ ဘယ်လိုချရမလဲ ဆိုတာမျိုး စိုးရိမ်ပူပန်မှုမျိုးတွေ ရှိနေတယ်။”
အမ်းမြို့ပေါ်မှာရှိတဲ့ အမှတ် (၁) နဲ့ အမှတ် (၂) တိုက်ပွဲရှောင်စခန်းကို နေ့စဉ်နဲ့အမျှ စစ်ဘေးဒုက္ခသည်တွေ ရောက်လာနေကြတာဖြစ်ပြီး အခုဆိုရင် ဒုက္ခသည်ဦးရေ တစ်ထောင်ကျော်ခန့် ရှိနေပါပြီ။
ဒီဒုက္ခသည်တွေ တိုးလာတာနဲ့အမျှ သူတို့စားဝတ်နေရေးအတွက် စိတ်ပူနေရတယ်လို့ ကိုစိုးသိန်းက ပြောပါတယ်။
အမ်းမြို့နယ်မှာ ကျေးရွာအုပ်စုပေါင်း (၃၃) ခု ရှိတဲ့အထဲမှာ ဒလက်ကျေးရွာအုပ်စုဟာ လူဦးရေအများဆုံး ဖြစ်ပါတယ်။ ဒလက်အုပ်စုမှာရွာပေါင်း ၄၈ ရွာရှိပြီး ဒီထဲက ရွာအတော်များများက ဒေသခံတွေဟာ စားနပ်ရိက္ခာ ပြတ်တောက်တာတွေ ၊ ရွာထဲလက်နက်ကြီးကျည်တွေ နေ့စဉ်လိုလိုကျနေတာကြောင့် နေရပ်စွန့်ခွာ ထွက်ပြေး နေရတာဖြစ်တယ်လို့ ဒလက်ဒေသခံ ကိုအလင်္ကာက ပြောပါတယ်။
“လက်နက်ကြီးကျည်တွေက နေ့တိုင်းဆိုသလို သူတို့ကလှမ်းပစ်တယ်။ လျှောက်ပစ်နေတယ်။ ရွာအနီးနား ပတ်ဝန်းကျင်တွေကိုကျတယ်။ တချို့ဆို နွားတွေ သေသွားတယ်။ တခြား မင်္ဂလာဒုံရွာအနီး အနားကိုလည်း ကျတယ်။ ဒလက်အနောက်ရွာဆိုတဲ့ရွာအနီးကိုလည်း ကျတယ်။ ရွာအနီးအနားပတ်ဝန်းကျင်တွေကို ကျတာများပါတယ်။"
ပြီးခဲ့တဲ့ ဇွန်လ ၂၆ ရက်နေ့မှာ အမ်းမြို့နယ် ဒါးလက်အုပ်စု နတ်မော်ကျေးရွာထဲကို လက်နက်ကြီးကျည် ကျရောက်ခဲ့တာကြောင့် ရွာသား နှစ်ဦးသေဆုံးပြီး သုံးဦး ဒဏ်ရာရခဲ့ပါသေးတယ်။
တပ်မတော်ဘက်ကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတချို့ကပြောပေမယ့် RFA က သီးခြား အတည်ပြုလို့တော့ မရပါဘူး။ ဒီဖြစ်စဉ်တွေနဲ့ပတ်သက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကို RFA က ဖုန်းဆက်ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။
ဒလက်အုပ်စုအထက်ပိုင်း ချောင်းဖျားဒေသမှာရှိတဲ့ ရွာပေါင်း ၁၁ ရွာလောက်ဆိုရင် ရွာလုံးကျွတ် ထွက်ပြေး နေရတာဖြစ်ပါတယ်။
အစိုးရအနေနဲ့ ငြိမ်းချမ်းရေးမှာ ရခိုင်ပြည်ကို ချန်လှပ်ထားခဲ့လို့ ဒီအခြေအနေတွေ ကြုံနေရတာလို့ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဒေါ်ထုမေက ပြောပါတယ်။
“အမ်းဘက်မှာ တိုက်ပွဲဖြစ်တာနဲ့ပတ်သက်ပြီး ငြိမ်းချမ်းရေးဆောင်ရွက်တဲ့အခါမှာ ရခိုင်ပြည်ကို ချန်လှပ် ထားတာလည်းရှိတယ်။ ဒီချန်လှပ်ထားတဲ့ အကျိုးဆက်တွေက ပြည်နယ်တဝှမ်း တိုက်ပွဲတွေဖြစ်နေတဲ့ အခြေအနေမျိုးဖြစ်ပါတယ်။ ဒါကအစိုးရရဲ့ ဥပက္ခာပြုမှုတွေ အများကြီးပါတယ်။ အစိုးရ ဂရုမစိုက်မှုတွေ အများကြီးပါတယ်။ မြို့ကိုရောက်လာတဲ့ စစ်ဘေးရှောင်တွေအနေနဲ့ နေရာလုံလောက်မှုမရှိဘူး။ အစား အသောက် လုံလောက်မှု မရှိဘူး။ လွှတ်တော်ပြန်တက်တဲ့အခါ ဒါကိုဆောင်ရွက်လို့ရတဲ့ နည်းလမ်းတွေနဲ့ ဆောင်ရွက်ဖို့ ပြင်ဆင်ထားတယ်။"
အမ်းမြို့နယ်မှာ ပြီးခဲ့တဲ့ ဇွန်လ ၈ ရက်နေ့အထိက ဇုကိုင်း၊ မဲသံကြိုး၊ ဒလက်ချောင်း အနောက်အလယ်၊ အလယ်ကျွန်းအစရှိတဲ့ ကျေးရွာပေါင်း ၁၆ ရွာမှာ စစ်ဘေးဒုက္ခသည် ၃၃၀၀ ကျော်ရှိတယ်လို့ ရခိုင်တိုင်းရင်းသား မျိုးနွယ်များအစည်းအရုံး (REC) က ထုတ်ပြန်ထားပါတယ်။
ဇွန်လ ၂၇ ရက်နေ့ မနေ့ကလည်း ကျောက်ဖြူမြို့ စေတီတောင်ပရဟိတကျောင်းသို့ ကပ်သပြေရွာ က အိမ်ထောင်စု ၁၉ စု လူဦးရေ ၇၈ ယောက်ထွက်ပြေးသွားကြတယ်လို့ ကပ်သပြေရွာ အုပ်ချုပ်ရေးမှူး ဦးမောင်ခင်ဦးက ပြောပါတယ်။
“ကပ်သပြေက ယောင်္ကျား ၉ ယောက် ဖမ်းသွားတယ်။ အဲဒါနဲ့ သူတို့ကကြောက်ပြီး ထွက်ပြေးကြတာ။ ကပ်သပြေလမ်းမှာ သူတို့က ထိုင်ပြီးနေကြတော့ တပ်ကကားလာပြီး သံသယနဲ့ ဖမ်းသွားတာ။ ၂၆ ရက် ည ၇ နာရီလောက်မှာ။ တိုက်ပွဲတွေတော့ မရှိပါဘူး။ အဲဒီကလေးတွေကိုဖမ်းတဲ့အခါ သူတို့ကသေနတ် နှစ်ချက် လောက်တော့ ဖောက်သွားတယ်။ မိုးပေါ်ကိုထောင်ပြီး။"
ရခိုင်တစ်ပြည်နယ်လုံးမှာဆိုရင်တော့ ဇွန်လ ၈ ရက်နေ့အထိ စစ်ဘေးဒုက္ခသည်ဦးရေဟာ တစ်သိန်းငါးသောင်း ကျော် ရှိတယ်လို့လည်း REC က ထုတ်ပြန်ထားပါတယ်။