မြဝတီမြို့မှာ တပ် နဲ့ BGF တို့ လုံခြုံရေးတိုးမြှင့်ထားလို့ ဒေသခံတွေစိုးရိမ်နေ
2020.12.19
ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၃ ရက်နေ့ကစပြီးတော့ ကရင်ပြည်နယ်၊ မြဝတီမြို့မှာ တပ်မတော်နဲ့ နယ်ခြားစောင့်တပ် (BGF) တို့ ပူးပေါင်းပြီး လုံးခြုံရေးတွေ ချထားလာတဲ့အတွက် မြို့ခံတွေက စိုးရိမ်မှုတွေ ရှိနေပါတယ်။
အခုလို မြဝတီမြို့မှာ လုံခြုံရေး တိုးမြှင့်ချလာတဲ့အပေါ် မြို့ထဲမှာ ထူးခြားတာတွေတော့ မရှိလာသေးပေမယ့် ထူးဆန်းသလို ခံစားရပြီး အရင်က ဒီလိုဖြစ်ရပ်မျိုးမရှိခဲ့ဘူးလို့ မြဝတီမြို့ခံ မန်းပြည်စိုးပိုင်က RFA ကို ပြောပါတယ်။
"တွေ့တယ် လုံခြုံရေးတွေ နေရာယူကြတာတွေ့တယ်။ ကျနော်ကတော့ အသေချာတော့ မမေး ကြည့်လိုက်ရဘူး။ မြို့ထဲမှာလည်း ရှိကြတယ်။ ဒီသံတံတာနားမှာ တစ်ဖွဲ့ရှိတယ်။ ပြည်တော်ဝန် ဘုန်းကြီးကျောင်းမှာလည်း ရှိတယ်။ နောက်မြို့ပြင်မှာတွေလည်း ရှိတယ် နည်းနည်းရှိတာပေါ့နော်။ တစ်ခါမှ အဲလို လုံခြုံရေးယူထားတွေ့ မရှိဘူး။ အခုလိုလုံခြုံရေးယူထားတာ ကျနော်က နည်းနည်းလေး ထူးဆန်းတာပေါ့နော်။ အခုတော့ ထူးခြားတာတွေတော့ မရှိလာသေးဘူး။ နည်းနည်းတော့ သတိတွေနဲ့ နေနေကြတာ ပေါ့နော်။ ဘာတွေဖြစ်လာကြမှာတော့ မသိရသေးဘူး။ စစ်တပ်က တစ်ခါမှ အဲလိုလုံခြုံရေး မယူဘဲဟာ၊ အခုကျမှ လုံခြုံရေးယူတယ်ဆိုတော့လေ။"
တပ်မတော်နဲ့ နယ်ခြားစောင့်တပ်တို့ ပူးပေါင်းပြီး လုံခြုံရေးတပ်ဖွဲ့တွေ တိုးချထားတာနဲ့ ပတ်သက်လို့ အဓိက အကြောင်းရင်းကို မသိရသေးဘူးလို့ မြဝတီခရိုင်၊ အုပ်ချုပ်ရေးမှူး ဦးတေဇအောင်က ဆိုပါတယ်။
"နယ်မြေဒေသလုံခြုံရေးတွေ တာဝန်ယူတဲ့သူတွေရှိတယ်။ ဒီနယ်မြေမှာအုပ်ချုပ်ရေး ကျနော်တို့လိုမျိုး လူတွေလည်း ရှိတယ်ပေါ့ဗျာ။ ကျနော်တို့ကတော့ လုံခြုံရေးကိုအဓိက ဆောင်ရွက်ရတာမဟုတ်ဘူး ကျနော်တို့ကတော့ အုပ်ချုပ်ရေးကို အဓိကလုပ်ဆောင်ရတာပေါ့။ ကျနော်တို့ ဒီဘက်မှာလည်း လုံခြုံရေး တပ်ဖွဲ့တွေနဲ့ တိုးပြီးတော့ ချထားတဲ့ကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ဆီကိုတော့ အဆက် သွယ်တော့ မရှိဘူးပေါ့ခင်ဗျာ။"
မြဝတီမြို့ပေါ်မှာ လုံခြုံရေးထိုးမြင့်ချထားရတဲ့ အဓိကအကြောင်းရင်းတွေမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁ ရက်က ဖာပွန်မြို့နယ်အတွင်း မဲဝိုင်ဒေသတိုက်ပွဲဂယက်ကြောင့်လို့ ဒေသခံတွေက ယူဆနေကြပါတယ်။
အခုလိုလုံခြုံရေး တိုးမြှင့်လုပ်ဆောင်ရာမှာ လူထုအတွက် ကာကွယ်ပေးဖို့သာဖြစ်တယ်လို့ နယ်ခြားစောင့်တပ် က လုံခြုံရေးနဲ့ စည်းကမ်းထိန်းသိမ်းရေးတာဝန်ခံ ဗိုလ်မှူး နိုင်မောင်ဇော် က RFA ကို ပြောပါတယ်။
"လူကြီးတွေကတော့ ထွေထွေထူးထူးတော့ မပြောဘူး။ အဓိကတော့ မဲဝိုင်ဖြစ်စဉ်တွေဆိုလို့ရှိရင်တော့ မလိုလားအပ်တဲ့ နောက်ဆက်တွဲဖြစ်စဉ်တွေ မဖြစ်ပေါ်အောင်ပေါ့။ လောလောဆယ် မြဝတီ အခြေအနေကတော့ တည်ငြိမ်မှုရှိပါတယ်။ ဒါနဲ့ပတ်သက်ပြီးတော့ ကျနော်ပြောချင်တာကတော့ စိုးရိမ်မလွန်ကြဖို့ပေါ့နော်။ ကျနော် ကြားနေရတယ် လူထုတွေ အထိပ်တလန့်ဖြစ်နေကြတာကိုလည်း ကျနော်တို့ လည်းစိတ်မကောင်းဘူး။ ကျနော်တို့ကတော့ အဓိကတော့ လူထုအတွက် အကာအကွယ်ပေးဖို့ လုပ်ထားတာဖြစ်တဲ့အတွက် တအားကြီး စိုးရိမ်မလွန် ကြဖို့ပေါ့နော် အဲဒါလေတွေကိုပြောချင်ပါတယ်။"
ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁ ရက်ကစတင်ပြီး အခုအချိန်ထိ ဖာပွန်ခရိုင် မဲဝိုင်ဒေသမှာ အစိုးရတပ်မတော်နဲ့ ကရင်လွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၅ တို့ စစ်ရေးတင်းမာမှုတွေကြောင့် တိုက်ပွဲကြီးဖြစ်လာမှာကို စိုးရိမ်ကြတဲ့အတွက် ဒေသခံပြည်သူတွေက မွန်ပြည်နယ် ဘီလင်းနဲ့ အခြားဒေသတွေမှာ ထွက်ပြေးခိုလှုံနေကြရပါတယ်။
မြဝတီမြို့မှာ တပ်မတော်နဲ့ နယ်ခြားစောင့်တပ်တို့ ပူးပေါင်းလုံခြုံရေး ထိုးမြှင့်ချလာမှုအပေါ် တရားဥပဒေ စိုးမိုးဖို့အတွက် ကောင်းပေမယ့် ပြည်သူလူထုနစ်နာမှုတွေ တစ်စုံတစ်ရာမရှိဖို့လိုတယ်လို့ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ဆိုင်ရာပူးတွဲစောင့်ကြည့်ရေး အရပ်ဘက်အဖွဲ့ ကိုယ်စားလှယ် နန်းစေးအွာ က RFA ကို ပြောပါတယ်။
"ဒါတွေကတော့ လူထုတွေကို နစ်နာအောင် လုပ်တဲ့ကိစ္စရပ် ဟုတ်လား၊ မဟုတ်လားဆိုတာ ကျမတို့က လည်း သေချာမသိရသေးဘူးပေါ့နော်။ ဒီလိုလုပ်တာတော့ ကောင်းတယ်။ လူထုတွေနစ်နာအောင်လုပ်တယ် အနိုင်ကျင့်တယ်ဆိုရင်တော့ ကျမတို့က JMC အနေနဲ့လည်းပြောရမယ်ပေါ့နော်။"
ယခုလက်ရှိအချိန်မှာ မြဝတီမြို့ရဲ့ အခြေအနေက ပုံမှန်အရင်အတိုင်း တည်ငြိမ်ပေမယ့် ပြည်သူလူထုတွေက စစ်ရေးပဋိက္ခပြန်ဖြစ်လာမှာကို စိုးရိမ်နေကြပါတယ်။