ရောဂါအခံရှိသူတွေ ကိုရိုနာဗိုင်းရပ်စ် မကူးစက်စေရေး အထူးစီမံချက်ချ လုပ်ဆောင်မည်

ဝေမာထွန်း
ရောဂါအခံရှိသူတွေ ကိုရိုနာဗိုင်းရပ်စ် မကူးစက်စေရေး အထူးစီမံချက်ချ လုပ်ဆောင်မည် အိန္ဒိယကနေ မြန်မာပို့မယ့် ကိုဗစ်ကာကွယ်ဆေးကို လေဆိပ်မှာတွေ့ရစဉ်
Photo: Ministry of External Affairs, Government of India

ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူအများစုဟာ ရောဂါအခံရှိသူတွေဖြစ်တဲ့အတွက် ရောဂါအခံရှိသူတွေ ပိုးမကူးစက်စေရေး အထူးစီမံချက်ကို ဒီရက်ပိုင်းအတွင်းစတင်တော့မယ်လို့ ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး က ဇန်နဝါရီလ ၂၁ ရက်နေ့ မနေ့က ပြောလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူတွေထဲက ၉၀ ရာခိုင်နှုန်းဟာ ရောဂါအခံရှိသူတွေ ဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးက ပြောခဲ့တာပါ။

(၆၇) ကြိမ်မြောက် မြန်မာနိုင်ငံဆရာဝန်အသင်းညီလာခံ အကြို "COVID-19 နှင့် ပတ်သက်တဲ့ ပြည်သူ့ ကျန်းမာကာကွယ်ရေးဆိုင်ရာများဆွေးနွေးပွဲ" မှာ ပြည်ထောင်စုဝန်ကြီးက ပြောခဲ့တာပါ။ စီမံချက်အသေးစိတ် ကိုတော့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ထည့်သွင်းဖော်ပြထားတာ မရှိပါဘူး။

အိန္ဒိယနိုင်ငံကနေ ပို့ဆောင်တဲ့ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးလည်း မြန်မာပြည်ကို ဒီနေ့ ရောက်ရှိမှာ ဖြစ်ပါတယ်။

ဒီဆေးတွေကို ပထမဦးစားပေးအနေနဲ့ ကျန်းမာရေးဝန်ထမ်းတွေ၊ စေတနာ့ဝန်ထမ်းတွေ၊ အစိုးရအဖွဲ့မှာ အဓိကကျသူတွေနဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်တွေကို ဦးစားပေးထိုးပေးမယ်လို့ အတိုင်ပင်ခံ ပုဂ္ဂိုလ်က ဇန်နဝါရီလ ၂၁ ရက်နေ့ မနေ့ညက မိန့်ခွန်းထဲမှာ ထည့်သွင်းပြောထားပါတယ်။

အသက်ကြီးတဲ့သူတွေ၊ တခြားရောဂါအခံရှိပြီးသားသူတွေ၊ တနေရာတည်းမှာ လူစုလူဝေးနဲ့ နေထိုင်ရသူတွေ ကိုလည်း အရေးကြီးတဲ့ အုပ်စုထဲမှာ ထည့်သွင်းစဉ်းစားထားတယ်လို့ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရပြီး လူနာတွေ နောက်ဆက်တွဲ အဆုတ်၊ နှလုံး၊ သွေး၊ ဦးနှောက်၊ ကျောက်ကပ်နဲ့ ပတ်သက်တဲ့ နောက်ဆက်တွဲပြဿနာတွေကို လေ့လာဆန်းစစ်ဖို့ ဆေးရုံကဆင်းပြီးတဲ့ COVID-19 အတည်ပြု လူနာဟောင်းတွေထံကနေ အချက်အလက်တွေ ရယူပြီး အသုံးချသုတေသနတွေ လုပ်ဆောင်ဖို့ ဝန်ကြီး ဒေါက်တာမြင့်ထွေးက ဒီနေ့ ကျန်းမာရေးဝန်ထမ်းတွေကို ပြောခဲ့ပါတယ်။

COVID-19 ကူးစက်မှုက ပြီးခဲ့တဲ့လတွေနဲ့ နှိုင်းယှဉ်မယ်ဆိုရင် ကျဆင်းလာတယ်ဆိုပေမယ့် ပေါ့ဆလို့ မရကြောင်းနဲ့ သဘောသဘာဝအရ ပေါ့ဆမိမယ်ဆိုရင် ရုတ်တရက် မြင့်တက်လာနိုင်တာကို သတိပြုဖို့လည်း ဝန်ကြီးက သတိပေးပါတယ်။

မြန်မာနိုင်ငံမှာ ကူးစက်မြန်တဲ့မျိုးဗီဇပြောင်းလဲမှု ရှိ၊ မရှိကို အမြဲတမ်းဓာတ်ခွဲလေ့လာသုံးသပ်နေပြီး လက်ရှိအချိန်အထိတော့ ပြောင်းလဲမှု မရှိသေးဘူးလို့ ဆိုပါတယ်။

နိုင်ငံတကာမှာ ကုသမှုနည်းစနစ်တွေ၊ ကုထုံးတွေ အသစ်တွေပေါ်ပေါက်နေပြီး ဒါတွေကို မျက်ခြေမပြတ် လေ့လာဖို့ ဓာတ်ခွဲမှုနည်းစနစ်တွေ၊ ဓာတ်ခွဲကိရိယာတွေလည်း ပြောင်းလဲပေါ်ပေါက်နေပြီး ဒီစနစ်တွေ ကိုလည်း အချိန်နဲ့မပြေးညီ မွမ်းမံဆောင်ရွက်နေတယ်လို့ ဒေါက်တာမြင့်ထွေး ကပြောပါတယ်။

ဇန်နဝါရီလ ၂၁ ရက်နေ့ ညပိုင်းအထိ ကျန်းမာရေးဝန်ကြီးဌာနရဲ့ နောက်ဆုံးထုတ်ပြန်ချက်အရ ကိုရိုနာဗိုင်းရပ် အတည်ပြုလူနာ တစ်သိန်းသုံးသောင်းကျော်၊ တစ်သိန်းနှစ်သောင်းနီးပါး၊ သေဆုံးသူ ၃၀၁၃ ဦးရှိပြီဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။