အင်းဒင်ကျေးရွာကိစ္စ စုံစမ်းစစ်ဆေးရေးအဖွဲ့ နေပြည်တော်မှ ထွက်ခွါ
2017.12.20

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ အင်းဒင်ကျေးရွာသုဿာန်မှာ မည်သူမည်ဝါ မသိရသေးတဲ့ ရုပ်အလောင်း ၁၀ လောင်း မြှုပ်နှံထားတဲ့ကိစ္စနဲ့ ပတ်သက်ပြီး၊ စုံစမ်းစစ်ဆေးဖို့ အကြီးတန်း စစ်တပ်အရာရှိတဦးကို မြန်မာ့ တပ်မတော်က တာဝန်ပေးခန့်အပ်လိုက်ပါတယ်။
ဒု ဗိုလ်ချုပ်ကြီး အေးဝင်း ဦးဆောင်တဲ့ ငါးဦးပါ စုံစမ်းစစ်ဆေးရေးအဖွဲ့ဟာ မနေ့က နေပြည်တော်ကနေ ထွက်ခွာသွားခဲ့ကြကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ Facebook စာမျက်နှာမှာ ဖေါ်ပြထားပါတယ်။
အဲဒီအဖွဲ့ဟာ အင်းဒင်ကျေးရွာသုဿာန်မှာ မြှုပ်နှံထားတဲ့ အလောင်း ၁၀ လောင်းကိစ္စမှာ လုံခြုံရေးတပ်ဖွဲ့တွေ ပါဝင်ပတ်သက်မှုရှိ မရှိ စုံစမ်းစစ်ဆေးဖို့ဖြစ်ပါတယ်။
ဒု ဗိုလ်ချုပ်ကြီး အေးဝင်း ဟာ ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ သြဂုတ်လအတွင်းဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေ အတွင်း ပေါ်ပေါက်ခဲ့တဲ့ အကြမ်းဖက်မှုတွေမှာလည်း တပ်မတော် ပါဝင်ပတ်သက်မှု ရှိ မရှိ ဦးဆောင်စုံစမ်းခဲ့ သူ ဖြစ်ပါတယ်။ အဲဒီဖြစ်ရပ်တွေမှာ တပ်မတော်အနေနဲ့ အကြမ်းးဖက်မှုတွေမှာ တစ်စုံတရာ ပါဝင်ပတ်သက်မှု မရှိခဲ့ကြောင်း ပြီးခဲ့တဲ့လက ထုတ်ပြန်ခဲ့ပါတယ်။
အင်းဒင်ကျေးရွာသုဿာန်မှာ မည်သူမည်ဝါ မသိရသေးတဲ့ ရုပ်အလောင်း ၁၀ လောင်း မြှုပ်နှံထားတဲ့ကိစ္စနဲ့ ပတ်သက်ပြီး၊ အမည်မဖော်လိုသူတဦးရဲ့ သတင်းပေးပို့တိုင်ကြားမှုကြောင့် ဒီဇင်ဘာလ ၁၈ရက်နေ့က တာဝန်ရှိသူတွေ သွားရောက်ခဲ့ပြီး ရုပ်အလောင်းတွေကို တူးဖော်စစ်ဆေးခဲ့ပါတယ်။
အဲဒီဖြစ်စဉ်မှာ လုံခြုံရေးရဲတပ်ဖွဲ့ဝင်တွေ တစ်စုံတရာပါဝင် ပတ်သက်ခဲ့ကြောင်း စစ်ဆေးတွေ့ရှိရင် တရားဥပဒေနဲ့အညီ ထိရောက်စွာ အရေးယူသွားမယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားပါတယ်။