လူကြားကောင်းရုံ ပရမ်းပတာ ဒီမိုကရေစီဖြစ်လို့မရကြောင်း တပ်ကိုယ်စားလှယ် ပြော


2019.09.15
kyawmyoaung-622.JPG အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်းအနားမှာ တပ်မတော်သား ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး ကျော်မျိုးအောင်ကို တွေ့ရစဉ်
Photo: Thiha Tun/RFA

စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီဖြစ်ဖို့ အရေးကြီးပြီး လူကြားကောင်းရုံ ပရမ်းပတာ ဒီမိုကရေစီမျိုး ဖြစ်လို့မရကြောင်း အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်းအနားမှာ တပ်မတော်သား ကိုယ်စားလှယ်က ပြောလိုက်ပါတယ်။

ဒီနေ့ နေပြည်တော်မှာ ကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့အခမ်းအနားမှာ တပ်မတော်သား ကိုယ်စားလှယ်များ အစုအဖွဲ့ကိုယ်စား ပြည်သူ့လွှတ်တော်က တပ်မတော်သား ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး ကျော်မျိုးအာင်က စာတမ်းဖတ်ကြားခဲ့တာဖြစ်ပါတယ်။

ဒီမိုကရေစီဆိုတဲ့ အသုံးအနှုန်းကို ခံတွင်းတွေ့နေရုံမဟုတ်ဘဲ ဒီမိုကရေစီ ယဉ်ကျေးမှုတွေ၊ နိုင်ငံရေးအသိ မြင့်မားဖို့လိုအပ်တယ်လို့လည်း ပြောခဲ့တာပါ။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကတော့ တချို့သူတွေက ဒီမိုကရေစနစ်ဆိုတာ ကိုယ်ရဖို့အတွက်လို့ပဲ ထင်နေကြကြောင်း ပြောခဲ့ပါတယ်။

သမ္မတ ဦးဝင်းမြင့်က ပြည်သူတွေ အသက် သွေးချွေး ဘဝတွေ ပေးဆပ်ခဲ့ရတဲ့ ဒီမိုကရေစီ အပင်ပေါက်လေးကို အညွန့်ချိုးမခံရအောင် ဝိုင်းဝန်းပြုစု စောင့်ရှောက်စေလိုတယ်လို့ တိုက်တွန်းခဲ့ပါတယ်။

ဒီနေ့ အခမ်းအနားကို သမ္မတ၊ အတိုင်ပင်ခံပုဂ္ဂိုလ်အပြင် ပြည်ထောင်စုလွှတ်တော် နာယက ဦးတီခွန်မြတ်တို့က မိန့်ခွန်းပြောခဲ့ပြီးနောက် နိုင်ငံရေးပါတီ အသီးသီးက စာတမ်းတွေ ဖတ်ကြားခဲ့ကြတာပါ။

ဒီနှစ် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ ဆောင်ပုဒ်က " ဒီမိုကရေစီ ရှင်သန်ဖို့ ပူးပေါင်းဆောင်ရွက်ကြပါစို့ " ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၁၁ ခုနှစ်ကနေစပြီး အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်းအနားတွေကို နေပြည်တော် လွှတ်တော်ဝန်းထဲမှာ နှစ်စဉ်ကျင်းပခဲ့တာဖြစ်ပါတယ်။

(RFA သတင်းထောက် ကိုသီဟထွန်း ပေးပို့သည်)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။