အပစ်ရပ်စောင့်ကြည့်ရေးလုပ်ငန်းတွေ အခက်အခဲရှိကြောင်း အရပ်သား ကိုယ်စားလှယ်ပြော

သန့်ဇင်ဦး
2020.07.22

၇ လခန့် ရပ်နားထားတဲ့ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ JMC အဆင့်ဆင့်ရဲ့ အရပ်သားကိုယ်စားလှယ်တွေ မျက်နှာစုံညီ အစည်းအဝေးကို ဇူလိုင်လ ၂၂ ရက်နေ့ ဒီကနေ့ ရန်ကုန်မြို့ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန NRPC မှာ ကျင်းပနေပါတယ်။

အပစ်ရပ်တိုင်းရင်းသား အဖွဲ့တွေနဲ့ တပ်မတော်ကြား ပဋိပက္ခဖြစ်ပွားနေတဲ့ကိစ္စကို အရပ်သား ကိုယ်စားလှယ် တွေရဲ့ စောင့်ကြည့်ရေး လုပ်ငန်းတွေမှာ အခက်အခဲတွေရှိနေကြောင်း စောင့်ကြည့်ရေးလုပ်ငန်းတွေမှာ ပါဝင်နေသူတွေက ပြောပါတယ်။

နှစ်ဖက်တပ်တွေ ပြဿနာဖြစ်တဲ့ကိစ္စတွေပေါ် အရပ်သားကိုယ်စားလှယ်တွေ စောင့်ကြည့်ရေးနဲ့ စုံစမ်းစစ်ဆေးတာ တွေလုပ်တဲ့အခါ တာဝန်ယူမှုအပိုင်းမှာ အခက်အခဲတွေရှိလို့ နှစ်ဖက်တပ်တွေ အချင်းချင်းပြေလည်နေချိန်မှသာ ပီပီပြင်ပြင်ဆောင်ရွက်နိုင်တဲ့ အခြေအနေဖြစ်နေတယ်လို့ JMC-U ရဲ့ အလှည့်ကျ ဒုတိယဥက္ကဋ္ဌ ၂ ၊အစည်းအဝေး သဘာပတိ သိက္ခာတော်ရဆရာတော် စောမက်သယူးအေးက ပြောပါတယ်။

“တာဝန်ခံမှု တာဝန်ယူမှုအပိုင်းမှာတော့ နှစ်ဖက်စလုံးကပဲ သူတို့ တာဝန်ယူတာဝန်ခံပေးဖို့ ခက်ခဲတဲ့ အနေအထားဖြစ်နေတယ်၊ ဘာဖြစ်လို့လဲဆိုတော့ ခုနကပြောသလိုပဲ စိစစ်အတည်ပြုဖို့သွားပြီဆိုရင် နှစ်ဖက်စလုံးက ကျွန်တော်တို့က အသိပေးအကြောင်းကြားပြီးသွားရတဲ့ကိစ္စဖြစ်တဲ့အတွက် သူတို့လက်နက်ကိုင်နှစ်ဖွဲ့စလုံး ပြေလည်နေတဲ့ အချိန်မျိုးမှာသာလျှင် ကျွန်တော်တို့ရဲ့ အရပ်သားတွေရဲ့ ပါဝင်မှုအခန်းကဏ္ဍကို ပီပီပြင်ပြင်ဆောင်ရွက်လို့ရတာဖြစ်ပါတယ်”

ရန်ကုန်မြို့က အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန NRPC မှာ ဒီနေ့ ဇူလိုင် ၂၂ ရက်နေ့မှာ ကျင်းပတဲ့ JMC အဆင့်ဆင့်ရဲ့ အရပ်သားကိုယ်စားလှယ်တွေ မျက်နှာစုံညီ အစည်းအဝေးမှာ စောမက်သယူးအေးက ပြောခဲ့တာပါ။

လေးလတစ်ကြိမ်ကျင်းပနေတဲ့ JMC အဆင့်ဆင့်ရဲ့ အရပ်သားကိုယ်စားလှယ်တွေ မျက်နှာစုံညီ အစည်းအဝေးကို ကိုရိုနာဗိုင်းရပ်စ်ကြောင့် ခုနှစ်လနီးပါးအကြာ ရပ်နားထားရပြီး ဒီနေ့မှ ပြန်လည်ကျင်းပခဲ့တာဖြစ်ပြီး မနက်ဖြန် အထိ ၂ ရက်ကြာ ကျင်းပနေတာပါ။

ဒီအစည်းအဝေးမှာ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်း၊ ပဲခူးတိုင်းနဲ့ ဖာပွန်နဲ့ လင်းခေးက ကိုယ်စားလှယ်တွေက ဒေသအလိုက်၊ ပြည်နယ်နဲ့ တိုင်းအလိုက် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးနဲ့ စောင့်ကြည့်ရေး လုပ်ငန်းစဉ်တွေကို တင်ပြဆွေးနွေးကြမှာဖြစ်ပါတယ်။

ဒါပေမဲ့လည်း အစိုးရသက်တမ်း ရှစ်လလောက်ပဲကျန်တဲ့အချိန်အတွင်း အရပ်သား ကိုယ်စားလှယ်တွေရဲ့ တာဝန်ဖြစ်တဲ့ စောင့်ကြည့်တဲ့အပိုင်းကိုတော့ ဆက်လုပ်ဆောင်သွားမယ်လို့ စောမက်သယူးအေးက ဆိုပါတယ်။

အရပ်သားစောင့်ကြည့်ရေး ကိုယ်စားလှယ်(LCM) ကိုလည်းဖွဲ့စည်းသွားမှာဖြစ်ပြီး ဘယ်လိုဖွဲ့စည်းမလဲ ဆိုတာတော့ နှစ်ဖက်လက်နက်ကိုင်အဖွဲ့တွေရဲ့ အခင်းအကျင်းနဲ့ သူတို့ရဲ့ခံယူချက်၊ ညှိနှိုင်းမှုတွေအပေါ်မှာ မူတည်တယ်လို့ ဆိုပါတယ်။

ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (Joint Ceasefire Monitoring Committee- JMC Union Level) အစည်းအဝေးဆိုရင်လည်း ရပ်နားထားတာ နှစ်နှစ်နီးပါးရှိပြီး ပြီးခဲ့တဲ့ရက်ပိုင်း ဇူလိုင်လ ၇ ရက်နေ့မှာမှ ပြန်လည်စတင်နိုင်ခဲ့ပါတယ်။

JMC-U အစည်းအဝေး ရပ်နားထားရတဲ့ကိစ္စနဲ့ပတ်သက်ပြီး အရပ်သား ကိုယ်စားလှယ်အဖွဲ့ဝင် ဦးကိုကိုကြီးက ပြောပါတယ်။

“တစ်ခုကတော့ NCA မှာပါတဲ့ ဝေါဟာရ စကားရပ်များကို နှစ်ဖက်လက်ခံတဲ့ အဓိပ္ပါယ်ဖွင့်ဆိုမှုတွေ လုပ်ဖို့အတွက် ဆက်လက်ဆွေးနွေးစရာ ကိစ္စတွေကကျန်တယ်၊ နောက်တစ်ခုကတော့ ကျွန်တော်တို့ဒီမှာ လုပ်ငန်းလမ်းညွန်တွေ ရေးဆွဲကြတာရှိတယ်၊ မြေပြင်အပေါ်မှာ လက်တွေ့ဆောင်ရွက်တာနဲ့ တချို့ကွာဟတဲ့ ကိစ္စတွေကို ပြန်ပြီးတော့ ဆွေးနွေးညှိနှိုင်းဖို့ ပြင်ဆင်ဖို့ ကိစ္စတွေရှိတယ်၊ ဒါကြောင့်မို့လို့လည်း KNU နဲ့ RCSS  က သူတို့နှစ်ပွင့်ဆိုင်ပေါ့ Bi Literal ဆွေးနွေးမှုတွေ လုပ်ဖို့အတွက် တောင်းဆိုထားတာဖြစ်ပါတယ်၊ ဆိုတော့ အဲဒီ Bi Literal တွေ့ဆုံဆွေးနွေးမှုတွေနဲ့ စုံညီအစည်းအဝေးနဲ့ကို ကျွန်တော်တို့ အပြိုင်လုပ်ဖို့ သဘောတူ ညှိနှိုင်းခဲ့ပြီးတော့ စုံညီအစည်းအဝေးစနိုင်ခဲ့ပြီ၊ ပြီးလို့ရှိရင် ကျွန်တော်တို့ Bi Literal ဆွေးနွေးမှုတွေလည်း ဆက်တိုက်လုပ်သွားဖို့တော့ ဆောင်ရွက်သွားမှာဖြစ်ပါတယ်”

လက်ရှိဆိုင်းငံ့ကာလအတွင်း နှစ်ဖက်တပ်တွေရဲ့ ပြဿနာတွေအပေါ် အရပ်သားစောင့်ကြည့်အဖွဲ့တွေ ဖြေရှင်းနိုင်ခဲ့တဲ့ဖြစ်စဉ်တွေ များစွာရှိပေမယ့် ဘယ်လိုဖြစ်စဉ်တွေလည်းဆိုတာကိုတော့ ထုတ်ပြောလို့ မရဘူးလို့ ဦးကိုကိုကြီးက ဆိုပါတယ်။

လက်ရှိအချိန်ထိ ပြည်နယ်နဲ့ တိုင်း ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ(JMC-S) အဖြစ် ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်းနဲ့ ပဲခူးတိုင်းတွေမှာ ဖွဲ့စည်းထားပြီး ဒေသဆိုင်ရာ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ(JMC-L)ကိုတော့ ဖာပွန်နဲ့ လင်းခေးတို့မှာ ဖွဲ့စည်းထားပါတယ်။

ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အနေနဲ့လည်း နိုင်ငံရေးဆွေးနွေးမှုတွေမှာ ရလဒ်ကောင်းတွေ ထွက်ဖို့လိုတယ်လို့  အရပ်သား ကိုယ်စားလှယ်အဖွဲ့ဝင် ဦးကိုကိုကြီးက ပြောပါတယ်။

“နိုင်ငံရေးဆွေးနွေးမှုတွေက ရလဒ်ကောင်းတွေ ထွက်ဖို့လိုတယ်၊ နိုင်ငံရေးတိုးတက်မှုမရှိဘဲနဲ့ အပစ်ရပ်ကို ကာလအကန့်အသတ်မရှိ ဘယ်လောက်ကြာကြာ ထိန်းထားနိုင်မှာလဲဆိုတဲ့ မေးခွန်းရှိတယ်၊ ဒါကြောင့် ကျွန်တော်တို့က ပြောရမယ်ဆိုရင်တော့ ဒီ JMC နဲ့ UPDJC ဟာ တက်ညီလက်ညီ ချိတ်ဆက်ပြီးဆောင်ရွက် နိုင်ဖို့လိုတယ်၊ ကျွန်တော်တို့ ဒီမှာအပစ်ရပ်ကို ထိန်းသိမ်းထားနိုင်ခြင်းဟာ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကို နောက်ကျောလုံလုံနဲ့ တကယ့်ကို စိတ်ချလက်ချ ဆွေးနွေးနိုင်အောင် အပစ်ရပ်ကို ထိန်းထားတာ၊ သို့သော် ဒီဘက်က နိုင်ငံရေးတိုးတက်မှုရှိမှလည်း အပစ်ရပ်ကို ထိန်းသိမ်းရတာ ထိရောက်မယ်၊ ဆိုတော့ အပြန်အလှန် အထောက်အကူပြုဖို့အတွက်က ကျွန်တော်တို့ တစ်ခြမ်းတည်းသွားလို့မရဘူး JMC က၊ UPDJC ဘက်က နိုင်ငံရေးသဘောတူညီမှုတွေ တိုးတက်မှုတွေ ရလဒ်တွေ ထွက်ဖို့လိုတယ်”

ဒီကနေ့ ပြန်လည်ကျင်းပတဲ့ အရပ်သား ကိုယ်စားလှယ် အစည်းအဝေးကို ဇူလိုင်လ ၂၂ ရက်နေ့ကနေ ၂၃ ရက်နေ့အထိ နှစ်ရက်ကျင်းပပြုလုပ်မှာဖြစ်ပါတယ်။

အစိုးရအနေနဲ့ ပင်လုံညီလာခံကို သြဂုတ်လအတွင်းကျင်းပနိုင်ဖို့ စီစဉ်နေပြီး ပင်လုံညီလာခံက ပေါ်ထွက်လာမယ့် ပြည်ထောင်စု သဘောတူစာချုပ် အပိုင်း ၃ ကို ရွေးကောက်ပွဲမတိုင်မီ လွှတ်တော်ကို တင်ပြပြီး အတည်ပြုချက် ယူရမှာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။