မြစ်ကြီးနားမှာ ဧရာဝတီမြစ်ရေ အမြင့်ဆုံးအမှတ်ကို ရောက်ရှိ


2017.08.12
kachin-flooding-622 မြစ်ကြီးနားမြို့ တာရိုးကနေ ၂၀၁၇ ခုနှစ် ဩဂုတ်လ ၁၂ ရက်နေ့ နေ့လည်ပိုင်းက ဧရာဝတီမြစ်ရေတက်နေတာကို တွေ့ရစဉ်
Photo: Kyaw Myo Min/RFA

ကချင်တစ်ပြည်နယ်လုံးအတိုင်းအတာနဲ့ မိုးရက်ဆက်ရွာသွန်းနေတာကြောင့် မြစ်ကြီးနားမြို့မှာ ဧရာဝတီမြစ် ရေမှတ် ဟာ အခုနှစ်မိုးရာသီရဲ့ အမြင့်ဆုံးရေမှတ်ကို ရောက်ရှိနေတယ်လို့ သိရပါတယ်။

မြစ်ကြီးနာမြို့မှာ မနေ့ကနေ ဒီကနေ့ နေလည်ပိုင်းအထိ ဧရာဝတီမြစ်ရေတက်နေတဲ့ အခြေအနေကို ကချင်ပြည်နယ် မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဋ္ဌာနမှူး ဦးတင်ထိုက်က အခုလိုပြောပါတယ်။

"မနေ့က မနက်က ၉၀၉ ကနေပြီးတော့ မနေ့ကညအထိ ၉၉၃ အထိ တက်လာတယ်ဗျာ။  ဒီကနေ့ မနက်ခင်းကျတော့ အခု နေ့ခင်း ၁၁ နာရီကျတော့ ၁၀၉၉ အထိတက်တယ်ဗျာ။ ၁၂နာရီခွဲ တိုင်းတာချက် အရ  ၁၀၈၇ ပြန်ဖြစ်သွားတယ်ဗျာ၊ ၁၀ ကျော်ကျော်လောက် လောလောဆယ်ကျနေတာပေါ့ ဒါပေမဲ့ ကျတယ်လို့တော့ မယူဆဘူး။ ပြန်တက်နိုင်တဲ့ အနေအထားရှိတယ်ပေါ့။ ဒီနှစ်ထဲမှာ အများဆုံးအခြေ အနေပေါ့"

မြစ်ကြီးနားမြို့ရဲ့ ဧရာဝတီမြစ် စိုးရိမ်ရေမှတ်ဟာ ၁၂၀၀ စင်တီမီတာဖြစ်ပါတယ်။

မိုးဆက်လက်ရွာသွန်းနေတာကြောင့် ဒီရက်ပိုင်းအတွင်း ဧရာဝတီမြစ်ရေ အတက်အကျ ရှိနေနိုင်ကြောင်းလည်း သူ့အမြင်ကို ပြောပါတယ်။

မြစ်ကြီးနားမြို့က ဧရာဝတီမြစ်ရေအမှတ်ကိုအခြေခံပြီး မြစ်အောက်ပိုင်းက ဗန်းမော်နဲ့ ရွှေကူမြို့တွေရဲ့ ဧရာဝ တီမြစ်ရေဟာ အဲဒီမြို့တွေရဲ့ စိုးရိမ်ရေမှတ်ကိုရောက်ရှိနိုင်ကြောင်း ပြည်နယ် မိုးလေဝသနဲ့ ဇလဗေဒဌာနက ခန့်မှန်းထားပါတယ်။

ဧရာဝတီမြစ်အောက်ပိုင်းက မြစ်ချောင်းကမ်းပါးတလျှောက် နေထိုင်ကြသူတွေ ရေလမ်းခရီးသွားလာရာမှာ သတိထားကြဖို့လည်း အသိပေးကြေညာထားပါတယ်။

လတ်တလော မြစ်ကြီးနားမြို့မှာ မိုးကြီးတာကြောင့် အနိမ့်ပိုင်းရပ်ကွက်တွေ ရေနစ်မြုပ်နေသလို ဧရာဝတီမြစ်ကြောင်းတလျှောက်က တာလောကြီး၊ စံကင်း၊ ဆင်ဘို စတဲ့ မြို့ရွာဒေသတွေက အနိမ့်ပိုင်း ရပ်ကွက်ကျေးရွာတွေထဲ ရေ ဝင်ရောက်မှုတွေရှိနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။