ဖမ်းဆီးခံ ပန်ဟတ်ရွာသား ၄ ဦး လွှတ်ပေးဖို့ တောင်းဆို


2016.03.01
kachin-national-network-620.jpg မြေမြုပ်မိုင်းတွေကို ဖယ်ရှားပေးဖို့နဲ့ ဖမ်းဆီးခံရွာသားတွေကို ပြန်လွှတ်ပေးဖို့ မတ်လ ၁ ရက်နေ့က ရန်ကုန်မြို့ ဒိုင်းမွန်းကွန်ဒိုမှာ ကချင်အမျိုးသားလုံးဆိုင်ရာ ကွန်ရက်က သတင်းစာရှင်းလင်းနေစဉ်
Photo: Zar Ni Htun/ RFA

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် ဟိုပုန်ကျေးရွာမှာရှိတဲ့ မြေမြုုှပ်မိုင်းတွေကို ဖယ်ရှားပေးဖို့နဲ့ အစိုးရတပ်မတော် တပ်မ ၁၁ က ဖမ်းဆီးထားတဲ့ သိန်းနီမြို့နယ် ပန်ဟတ်ကျေးရွာသား ၄ ယောက်ကို ပြန်လွှတ်ပေးဖို့ ဒီနေ့ ရန်ကုန်မြို့ ဒိုင်းမွန်းကွန်ဒိုမှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ဒေသခံတွေနဲ့ ကချင်အမျိုးသားလုံးဆိုင်ရာ ကွန်ရက်က တောင်းဆိုလိုက်ပါတယ်။

မြေမြုှပ်မိုင်းတွေကို ဘယ်လက်နက်ကိုင်အဖွဲ့က ဟိုပုန်ကျေးရွာမှာ မြုှပ်ထားတယ်ဆိုတာ အတိအကျမသိတာကြောင့် လက်နက်ကိုင် ၃ ဖွဲ့ ပူးပေါင်းညှိနှိုင်းပြီး ဖယ်ရှားပေးဖို့ တောင်းဆိုတာဖြစ်တယ်လို့ ရှမ်းပြည်နယ် ကချင်အမျိုးသားလုံးဆိုင်ရာကွန်ရက်က ကိုအိုက်ဇက်အောင်က ပြောပါတယ်။

"ရွာဘေးနားမှာ မြုှပ်နှံထားတဲ့ မြေမြုှပ်မိုင်းများကို လက်နက်ကိုင်အဖွဲ့အစည်းတွေဖြစ်တဲ့ ၃ ဖွဲ့စလုံးပူးပေါင်းပြီးတော့ သူတို့အနေနဲ့ဖယ်ရှားပေးဖို့ ကျနော်တို့ အနေနဲ့ တောင်းဆို ခြင်းဖြစ်ပါတယ်၊ ဘာကြောင့်လဲဆိုတော့ မြေမြုှပ်မိုင်း မြှုပ်တဲ့အဖွဲ့အစည်းတွေက သူတို့မြုှပ်တဲ့နေရာကို သူတို့ပဲသိတာမို့လို့ပါ၊ ကျနော်တို့ အနေနဲ့ ရွာသားတွေအနေနဲ့ ပြောဆိုခွင့်မရှိပါဘူး၊ ကျနော်တို့ ၃ ဖွဲ့စလုံးပူးပေါင်းပြီးတော့ ညှိနှိုင်းပြီးတော့ ကျနော်တို့ ရွာသားတွေအတွက် ရည်ရွယ်ပြီးတော့ ပူးပေါင်းပြီးတော့ လုပ်ဆောင်ပေးဖို့ မေတ္တာရပ်ခံ ထားပါတယ်"

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် ဟိုပုန်ကျေးရွာမှာ ပြီးခဲ့တဲ့ဇန်နဝါရီလ ၁၁ရက်နေ့မှာ အစိုးရတပ်မတော်နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဇန်နဝါရီလ ၁၂ရက်နေ့နဲ့ ၁၃ရက်နေ့တို့မှာ အစိုးရတပ်မတော်နဲ့ တအာင်းလွတ်မြောက်ရေးတပ်မတော်တို့ တိုက်ပွဲထပ်မံဖြစ်ပွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၁ ရက်နေ့က တိုက်ပွဲဖြစ်ပွားပြီးနောက် ပန်ဟတ်ကျေးရွာသား ၁၃ ဦးကို အစိုးရတပ်မ ၁၁ က ဖမ်းဆီးသွားပြီး တစ်လလောက်အကြာမှာ ၉ယောက်ကို ပြန်လည်လွှတ်ပေးခဲ့ပေမယ့် ရွာသား ၄ ယောက် မလွတ်မြောက်သေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီတိုက်ပွဲတွေကြောင့် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရပြီး မြေမြုှပ်မိုင်းတွေ နင်းမိတဲ့အတွက် ရွာသူရွာသားတွေနဲ့ ကျွဲ၊ နွားတွေ သေဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။

အဖမ်းခံထားရသူတွေရဲ့ အခြေအနေကို သိခွင့်ပေးဖို့နဲ့ မိသားစုနဲ့ တွေ့ခွင့်ပေးဖို့လည်း ဒေသခံတွေ တောင်းဆိုခဲ့ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။