ဒုက္ခသည်အရေး ဆန္ဒပြလို့ ပုဒ်မ ၅ဝဝ နဲ့ စွဲခံထားသူ ၃ ဦးအမှု တရားလိုပြသက်သေ စစ်ဆေး


2018.07.30
lwan-zawun-622.jpg တပ်မတော်ကို အသရေဖျက်မှု ပုဒ်မနဲ့ တရားစွဲခံထားရတဲ့ ကိုလွမ်းဇောင်း(အကျီၤအဖြူ)ကို မြစ်ကြီးနားမြို့နယ် တရားရုံးမှာ ၂၀၁၈ ခုနှစ်၊ မေလ ၁၆ ရက်နေ့က တွေ့ရစဉ်
Photo: Kyaw Myo Min/ RFA

စစ်ဘေးဒုက္ခသည်တွေကို ကယ်ထုတ်နိုင်ရေးအတွက် မြစ်ကြီးနားမြို့မှာ ဦးဆောင်ဆန္ဒပြခဲ့တာကြောင့် အသရေ ဖျက်မှုပုဒ်မ ၅ဝဝ နဲ့ တရားစွဲဆိုခံထားရသူ ၃ ဦးရဲ့အမှုနဲ့ပတ်သက်ပြီး တရားလိုပြသက်သေ နှစ်ဦးကို ဒီနေ့ မြစ်ကြီးနားမြို့နယ်တရားရုံးမှာ စတင်စစ်ဆေးပါတယ်။

တရားစွဲခံရသူတွေဟာ တပ်မတော်ကို အကြည်ညိုပျက်အောင် လုပ်ဆောင်ခဲ့တာ မတွေ့ရှိကြောင်း တရားလိုပြ သက်သေနှစ်ဦးက ထွက်ဆိုသွားတယ်လို့ တရားစွဲခံထားရသူ ဦးလွမ်းဇောင်းက ပြောပါတယ်။

"တရားလိုပြနှစ်ဦးကတော့ သူတို့ထွက်ဆိုတာတော့ ရိုးရိုးရှင်းရှင်းလေးပဲ ထွက်ဆိုတယ်။ သူတို့ကတော့ ကျနော်တို့ ပြောဆိုမှုတွေက ပိတ်မိပြည်သူတွေ လွတ်မြောက်ဖို့နဲ့ လူသားချင်းစာနာထောက်ထားတဲ့ အကူအညီတွေရရှိဖို့ ဆန္ဒထုတ်ဖော်တယ်လို့ သူတို့သိတယ်။ တပ်မတော်ကို အကြည်ညိုပျက်စေတဲ့ အပြောအဆိုတွေ ဆိုင်းဘုတ် ကိုင်ဆောင်မှုတွေ သူတို့မသိရှိခဲ့ဘူးလို့ အပြန်အလှန်စစ်မေးမှာ သူတို့ ထွက်ဆိုခဲ့ပါတယ်"

ဒီနေ့ စစ်ဆေးတဲ့ တရားလိုပြသက်သေနှစ်ဦးဟာ စစ်ဘက်ရေးရာလုံခြုံရေးအဖွဲ့ (စရဖ) က တစ်ဦးနဲ့ မြဝတီ သတင်းစာက တစ်ဦး ဖြစ်ပါတယ်။

အဲဒီအမှုကို လာမယ့်သြဂုတ်လ ၆ ရက်နေ့မှာ ဆက်လက်စစ်ဆေးမှာဖြစ်ပြီး အဲဒီနေ့မှာ ကျန်ရှိနေတဲ့ သက်သေ နှစ်ဦးကို စစ်ဆေးမှာဖြစ်ပါတယ်။

တပ်မတော်နဲ့ ကေအိုင်အေတို့ကြား ပြီးခဲ့တဲ့ ဧပြီလအတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ပိတ်မိနေသူတွေ လွတ်မြောက်ဖို့ ဧပြီလကုန်ပိုင်းကနေ မေလဆန်းပိုင်းအထိ မြစ်ကြီးနားမြို့မှာ ဒေသခံတွေက တောင်းဆို မှုတွေ ပြုလုပ်ခဲ့ကြပါတယ်။

အဲဒီလို တောင်းဆိုခဲ့သူတွေထဲက ဦးဆောင်သူတွေဖြစ်တဲ့ ဦးဇော်ဂျတ်၊ ဦးလွမ်းဇောင်းနဲ့ ဒေါ်နန်ပူတို့ ၃ ဦးဟာ တဖက်သတ် ထိုးစစ်ဆင်မှုကြောင့် ရွာသားတွေ ထွက်ပြေးခဲ့ရကြောင်း၊ ပိတ်မိနေတဲ့ ပြည်သူတွေကို လမ်းကြောင်းဖွင့်ပေးဖို့ဟာ တပ်မတော်ရဲ့ တာဝန်သာဖြစ်ကြောင်း၊ လေယာဉ်နဲ့ ဗုံးကြဲခြင်း ချက်ချင်းရပ်ဆိုတဲ့ အသုံးအနှုန်းတွေကို သုံးစွဲခဲ့တယ်ဆိုပြီး မြောက်ပိုင်းတိုင်းစစ်ဋ္ဌာနချုပ်က ဒုတိယဗိုလ်မှူးကြီး မျိုးမင်းဦးက တရားစွဲဆိုထားတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။