ကချင် သတ်ဖြတ်မှု ခေတ်မီနည်းနဲ့ စစ်ဆေး
2015.01.29

ရှမ်းပြည်နယ်၊မူဆယ်ခရိုင်၊ ကောင်းခါးကျေးရွာမှာ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်က ကျောင်းဆရာမနှစ်ဦး အသတ်ခံရတဲ့အမှုနဲ့ ပတ်သက်ပြီး တပ်မတော်သားတွေနဲ့ ဒေသခံရွာသားတွေ ကို DNA မျိုးဗီဇ စစ်ဆေးမယ်လို့ ရဲတပ်ဖွဲ့ကပြောပါတယ်။
အခင်းဖြစ်ပွားခဲ့ညက ကောင်းခါးရွာမှာ တာဝန်ကျခဲ့သူ တပ်မတော်သား၂၅ ဦးနဲ့ ရွာသား ၁ဝ ဦးတို့ရဲ့ မျိုးဗီဇနမူနာတွေကို စုဆောင်းထားပြီးဖြစ်တယ်လို့ ရှမ်းပြည်နယ် ရဲတပ်ဖွဲ့ ရဲမှူး ဦးစန်းလွင်က ပြောဆိုကြောင်း AFP သတင်းကဖော်ပြပါတယ်။
အဲ့ဒီ မျိုးဗီဇနမူနာတွေကို နေပြည်တော်ကို ပေးပို့ပြီး၊ အသတ်ခံရသူတွေရဲ့လက်ထဲကတွေ့ရှိခဲ့ရတဲ့ ဆံပင်တွေနဲ့ တိုက်ဆိုင်စစ်ဆေးမှာဖြစ်တယ်လို့လည်း ပြောပါတယ်။
ဒီရာဇဝတ်မှုမှာ အနည်းဆုံး လူနှစ်ယောက် ပါဝင်ပတ်သက်မှုရှိမယ်လို့ ရဲကယူဆထားပါတယ်။
ဒီအမှုနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးနေစဉ်ကာလအတွင်း တပ်မတော်ကို ပုတ်ခတ်ရေးသား ပြောဆိုသူတွေ ရှိနေကြောင်း၊ အဲဒီစွပ်စွဲပြောဆိုမှုတွေကို တရားဥပဒေနဲ့အညီ ဆောင်ရွက်သွားမှာဖြစ်ကြောင်း တပ်မတော်က နိုင်ငံပိုင်သတင်းစာတွေမှာ သတိပေးထုတ်ပြန်ထားပါတယ်။